DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်ပြိုင်ရန် မဆုံးဖြတ်ရသေးဟု မွန်ညီညွတ်ရေးပါတီပြော
DVB
·
January 23, 2023
ရွေးကောက်ပွဲဝင်ပြိုင်ရန် မဆုံးဖြတ်ရသေးဟု မွန်ညီညွတ်ရေးပါတီပြော
Donate to DVB

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ မရှိ မဆုံးဖြတ်ရသေးသလို စဉ်းစားချင့်ချိန် စောင့်ကြည့်ဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မြေပြင်လူဦးရေ စာရင်းတွေ လိုက်လံကောက်ယူနေတာပါ။

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်တခုဖြစ်တဲ့ Closed List PR စနစ်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီးလို့ ပြောထားပါတယ်။

တဖက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းကို သူ့ရဲ့ဩဇာခံမယ့်သူတွေနဲ့ ပြောင်းလဲလိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးသွားမယ်လို့ ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။

ဒါပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် တစုံတရာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေကတော့ လက်ရှိနိုင်ငံအခြေအနေကြောင့် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ မရှိ မဆုံးဖြတ်ရသေးသလို စဉ်းစားချင့်ချိန် စောင့်ကြည့်ဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရွှေးကောက်ပွဲလုပ်မယ်ဆိုတာကလည်း အခုထက်ထိ ကျနော်တို့သေသေချာချာ မသိရသေးဘူး။ ပြောတာကတော့ PR စနစ်ပေါ့၊ PR စနစ်ဆိုတော့ ဘယ်လို PR စနစ်လဲဆိုတာကလည်း ကျနော်တို့ မသေချာသေးဘူး။ အခုထက်ထိကတော့ ကျနော်တို့က ဝင်မယ် မဝင်ဘူးဆိုတာကတော့ ပါတီ စီအီးစီက ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမယ့် အခုထက်ထိ ကျနော်တို့ ပါတီအနေနဲ့ကတော့ စောင့်ကြည့်နေတုန်းပါပဲ။” 

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို လေးကြိမ်တိုင် တက်ရောက်ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေအရ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲ ကျင်းပပါက အနည်ဆုံး လွှတ်တော် ကိုယ်စားလှယ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မပြိုင်ပါက ပါတီဖျက်သိမ်းခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

မွန်လူငယ်ဆုံရပ်(MYF) ပြောခွင့်ရ နိုင်မြင့်စိုးကတော့ မွန်ညီညွတ်ရေးပါတီဟာ ဘယ်လိုအခြေအနေမျိုးမဆို ပါတီဖျက်သိမ်းခံမှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ကတော့ ကျနော်ထင်တာ သူတို့ရဲ့ပါတီကို အနည်းဆုံး ၃ နေရာလောက် မဝင်ပြိုင်ဘူးဆိုရင်လည်း ပါတီ ဖျက်သိမ်းရမယ့်အခြေအနေလည်းရှိတယ်။ သို့ပေမဲ့လည်း မွန်လူမျိုးရေးပါတီအနေနဲ့ ပါတီဖျက်သိမ်းမယ်လို့ ကျနော်မထင်ဘူး။ အနည်းဆုံးတော့ နည်းနည်းငြိမ်းချမ်းတဲ့ ဒေသတွေ၊ ငြိမ်းချမ်းတဲ့ နည်မြေတွေလောက်မှာ သူတို့က ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်သွားမယ်လို့ ကျနော်ထင်တာပေါ့နော်။ ဝင်ရောက်ယှည်ပြိုင်မလား၊ မယှဉ်ပြိုင်ဘူးလား ဒါ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တာပေါ့။” 

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပါတီဝင်တွေ အင်အားတိုးလာရေးအတွက် လိုက်လံစည်းရုံးတာ၊ အောက်ခြေပါတီဝင်တွေရဲ့ သဘေားထား ကောက်ယူတာနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်တာတွေ လုပ်ဆောင်နေပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပါက စစ်ကောင်စီ နိုင်ငံရေးထွက်ပေါက်ရအောင် ကူညီနေတာ ဖြစ်ကြောင်းနဲ့ ကိုယ်အကျိုးရှာဖို့သာ ဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်အဖွဲ့ဝင်တဦးက ဝေဖန်ပါတယ်။

“တကယ်လို့ဝင်ပြိုင်မယ်ဆိုလို့ရှိရင်လည်း စကစ အတွက် နိုင်ငံရေးထွက်ပေါက်ဖွင့်ပေးတာနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ စကစနဲ့ ပူးပေါင်းခဲ့တဲ့ ကာလတလျှောက်ကို ပြန်ကြည့်လိုက်ရင် ပြည်သူလူထုအတွက် နိုင်ငံရေး အကျိုး အမြတ် ဘာမှမရခဲ့ဘူး။ နောက်တခုက ဒီမွန်ပြည်နယ်မှာလုပ်မယ့် စကစရဲ့ ဒီစီးပွားရေး စီမံကိန်း တွေမှာ ဒီပါတီကလူတွေ ပါဝင်ပတ်သက်နေတယ်ဆို တာမျိုးကိုလည်း ကြားရတယ်ပေါ့နော်။ တကယ်လို့သာ NUB ပါတီက ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် ဒီလူတွေက ပါတီရဲ့ ပုံရိပ်ကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာဖို့ပဲ ဖြစ်လိမ့်မယ်ပေါ့နော်။” 

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ မွန်လူမျိုးကိုယ်စားပြု တိုင်းရင်းသားနိုင်ငံရေးပါတီတခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမ တို့လည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာပါ။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၂ နေရာအထိ အနိုင်ရရှိထားပြီး တနိုင်ငံလုံးအတိုင်းအတာအရ ဆဋ္ဌမအများဆုံး အနိုင်ရထားတဲ့ ပါတီတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013