DVB Logo
Home
မြန်မာသတင်း
မံစီနှင့် မိုးမောက်တွင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်း ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြ
DVB
·
January 19, 2023
မံစီနှင့် မိုးမောက်တွင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်း ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တွေမှာရှိတဲ့ ရပ်ရွာတချို့မှာ ဒေသခံတွေသဘောမတူဘဲ တားမြစ်ဆန့်ကျင်နေတဲ့ကြားက အာဏာပိုင်တချို့ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ခရိုနီတွေက မြေရှားသတ္တုတူးဖော်ဖို့ လုပ်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆို ဇန်နဝါရီ ၁၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စီးပွားရေးသမားတွေက ခဏခဏလာပြီးတော့ စည်းရုံးနေတယ်။ ဒေသခံတွေက တားမြစ်ထားတယ်။ အဲဒီဒေသက ဘာသာရေးခေါင်းဆောင်တွေကလည်း တားမြစ်ထားတယ်” လို့ ပြောပါတယ်။

မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာရှိတဲ့ အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ဘွမ်ဆဲန်ပါ၊ ဆဒုံးဘွမ် စတဲ့ နေရာဒေသတွေမှာ မြေရှားသတ္တုတူးဖော်ဖို့ စီးပွားရေးသမားတွေက  ၂၀၂၂ စက်တင်ဘာ ၂၁ ရက်နေ့ကစ လက်ရှိအထိ မြေနေရာတွေကို စမ်းသပ်ခဲ့ပါတယ်။

ဒီနောက် ဒိန်ဆိန်းပါဒေသက ရွာတချို့မှာ တူးဖော်ဖို့ မြေနေရာ သတ်မှတ်တိုင်းတာ အမှတ်အသားလုပ်ပြီး  ဒေသခံပြည်သူလူထုတွေ သဘောထားတူညီမှုမရှိဘဲ ပိတ်ပင်တားဆီးနေတဲ့ကြားက  မြေရှားသတ္တု တူးဖော်ဖို့နေတာလို့ ဆိုပါတယ်။

“ကျနော်တို့က ဒီနေရာ ရပ်ရွာဒေသမှာ မြေရှားသတ္တုတူးဖော်တာကို မနှစ်သက်၊ ဆန့်ကျင်တဲ့သူတွေ ဖြစ်တာကြောင့် မနက်ဖြန်အချိန်ကစ လောပန်း သန်းမြင့် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်း ရပ်နားပြီး ပြောင်းရွှေ့ထွက်သွားဖို့ ဒီရပ်ရွာဒေသ ပြည်သူလူထု၊ ဒီကချင်ပြည်နယ် တခုလုံးက ပြည်သူလူထုအားလုံးကိုယ်စား ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်” လို့ ဆန္ဒဖော်ထုတ်နေတဲ့ ဗီဒီယိုဖိုင်မှာ ပြောထားပါတယ်။

မြေရှားသတ္တုတူးဖော်ယူပြီးသွားတဲ့ မြေမှာ လူတွေ ဆက်လက်နေထိုင်ဖို့ မသင့်တော်တော့တဲ့အပြင် သောက်သုံးရေတွေ သုံးမရတော့ဘဲ မြေတွေလည်း အဆိပ်သင့်ကာ ဒေသခံတွေ ရွှေ့ပြောင်းရတာမျိုး ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

အဲဒီနေရာမှာ ဆက်လက်နေထိုင်ပါကလည်း လူစင်မမီတာမျိုး၊ မျိုးဆက်ပွားမှုကို ထိခိုက်တာမျိုး ရှိသလို မြေရှားသတ္တုတူးရာမှာ သုံးတဲ့ အက်ဆစ်အမျိုးမျိုးကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ ရာသီဥတု ဖောက်ပြန်လာတာကြောင့် သက်ရှိ အပင်၊ တိရစ္ဆာန်၊ သတ္တဝါတွေ သေဆုံး မျိုးတုံးသွားနိုင်တာတွေ စတဲ့ မကောင်းတဲ့အကျိုးဆက်တွေရှိတဲ့အပြင် ကာကွယ်စောင့်ရှောက်ရမယ့် ဘိုးဘွားအမွေအနှစ် မြေနေရာတွေကို မကာကွယ်နိုင်ဘဲ ပျက်စီးယိုယွင်းသွားမှာလည်း စိုးရိမ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူ ဒေသခံတဦးကပြောပါတယ်။

“တနေ့နေ့ကျရင် ဒီသဘာဝပတ်ဝန်းကျင်ကြီးက ရာသီဥတုနဲ့ အကြွေးပြန်တောင်းလိမ့်မယ်” လို့  ပြောပါတယ်။

ဒေသခံ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘယ်အစိုးရကိုမှ ဆန့်ကျင်လိုခြင်း မဟုတ်ကြောင်း၊ အစိုးရရဲ့ စီးပွားရေးအကျိုးကို ပျက်စီးစေလိုခြင်း မဟုတ်ကြောင်း၊ မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ရလာမယ့် မကောင်းတဲ့ အကျိုးရလဒ်တွေကို သိမြင်လာတာကြောင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ နောင်လာနောက်သား အနာဂတ် မျိုးဆက်တွေအတွက် မျှော်တွေးပြီး မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်းတွေ ရပ်တန့်နိုင်ဖို့ ထည့်သွင်းစဉ်းစားပေးရန် ကေအိုင်အို ဗဟိုကော်မတီကိုလည်း တင်ပြထားကြောင်း သိရပါတယ်။

“ဒီပတ်ဝန်းကျင်ကို ဖျက်ဆီးလိုက်ပြီဆိုရင် နောက်ဆုံး ရေကအစ အရမ်းခက်ခဲလာမှာ။ ခု မြေရှားသတ္တုလုပ်တဲ့သူတွေက ရေတွေညစ်ပတ်ကုန်ရင် နောက်နောင် ရေကောင်းရေသန့် ဘယ်ကရမလဲ မသိတော့ဘူး” လို့ နောက်ထပ် ဒေသခံတဦးကလည်း ပြောပါတယ်။

ဒေသခံတချို့က မြေရှားသတ္တုရဲ့ အသုံးဝင်ပုံနဲ့ တန်ဖိုးကို မသိတဲ့အပြင် မြေရှားသတ္တုတူးခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေကိုလည်း မသိနားမလည်ကြဘူးလို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မြေရှားသတ္တုတူးတာက ဒီရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ သုံးဖို့ဆိုပြီး ဒေသခံတွေ တောင်းဆိုလာရင် နေရာပေးတာမျိုးတော့ တွေ့တယ်။ တချို့ဒေသခံတွေက သူတို့ရဲ့ ခြံမြေကို မြန်မာငွေ ၂ သိန်းလောက်နဲ့ သူတို့ဘာသာ ရောင်းပေးနေတာ တရုတ်တွေကို။ ကျနော်ကိုယ်တိုင်တောင် ဒါကို ဘယ်မှာသုံးလဲ ကောင်းကောင်းမသိဘူး။ ဒေသခံတွေက ဘာသိမှာလဲ။”

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဗန်းမော်ခရိုင် နယ်စပ်ဒေသတွေ အပါအဝင် ပန်ဝါဒေသတွေမှာရှိတဲ့ နေရာတော်တော်များများမှာတော့ ဒေသခံတချို့၊ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ တရုတ်ခရိုနီတွေကို မြေနေရာရောင်းပေးပြီး မြေရှားသတ္တုတူးဖော်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့လာရပါတယ်။

လွယ်ဂျယ်၊ မိုးမောက်၊ မံစီ စတဲ့ မြို့နယ်တွေရှိ တချို့နေရာတွေမှာတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ဝန်းကျင်ကတည်းက မြေရှားသတ္တုတူးဖော်တာတွေ ရှိနေပြီဖြစ်ပြီး ရေ သောက်သုံးမရတော့တဲ့အပြင် မြေအဆိပ်သင့် ပျက်စီးကာ ဘာမှလုပ်မရတော့ဘဲ ဆန်ခါ (ဇကာ) ပေါက် ပုံစံ ကျန်ခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013