DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့အနီး တရုတ်နိုင်ငံသားများက တောတောင်များကို ရှင်းလင်းဖြိုချပြီး ရွှေတူးနေ
DVB
·
January 18, 2023
တနိုင်းမြို့အနီး တရုတ်နိုင်ငံသားများက တောတောင်များကို ရှင်းလင်းဖြိုချပြီး ရွှေတူးနေ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့အနီး လပူခနဲ့ လဗျူခကြားရှိ သစ်တောမှာ တရုတ်လုပ်ငန်းရှင်တွေ စက်ကြီးတွေနဲ့ အခုရက်ပိုင်းအတွင်း တောတောင်တွေရှင်းလင်းဖြိုချပြီး ရွှေတူးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမယ့်အရေး  စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဒေသခံတဦးက “သူတို့ တူးစားတယ်ဆိုတာက ဒေသခံဆီ တောင်းယူထားတဲ့နေရာလည်း မဟုတ်ဘူး။ ကေအိုင်အေဆီမှာ တဧကကို သိန်း ၂၀ ဆီ အခွန်ဆောင်တယ်တဲ့။ အဲဒါ သူတို့ပါးစပ်ကနေ ပြောတာ။ ဟုတ်ချင်မှလည်း ဟုတ်မှာ” လို့ ပြောပါတယ်။

နှစ်ပေါင်းရာချီ ထောင်ချီရှိတဲ့ တောကြီးအလယ်မှာ ဒေသခံတွေကို အသိပေး၊ ခွင့်ပြုချက် တောင်းတာမျိုး မရှိဘဲ တရုတ်တွေ သီးသန့် ရွှေတူးလုပ်ကွက် လုပ်နေတာဖြစ်ပြီး ဒေသခံတွေ မေးမြန်းရာမှာတော့ ကေအိုင်အေတွေဆီ တဧက သိန်း ၂၀ ဆီနဲ့ ၂၅ ဧကစာ ရထားတယ်လို့ ပြောပေမဲ့ ခွင့်ပြုချက်ရတယ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ သူက ပြောပါတယ်။

ဒေသခံတွေအနေနဲ့တော့ အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး မပြောရဲဘဲ ရွာနဲ့ဝေးပေမဲ့ စီးပွားရေးသမားတွေက တဧကဆောင်တယ်ပြောပြီး သုံးလေးဧက မတရားယူနေတာမျိုး မြင်ရတာကြောင့် ရာသီဥတုပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်လာရတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားတဲ့ဒေသခံတဦးက “အဲဒီရွာအတွက် သီးသန့် ဘာမှတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ရာသီဥတုကတော့ သစ်ပင်၊ ဝါးပင်တွေကို ဒီလို ဖျက်ဆီးလိုက်ရင် ကျနော်တို့ဒေသက တနေ့ထက်တနေ့ ဘယ်လိုဖြစ်လာမလဲ။ ရာသီဥတုကို ပြဿနာဖြစ်စေတာက အဲဒီဒေသခံတွေကိုပဲ ဖြစ်စေတာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံ၊ ကျနော်တို့ ကချင်ပြည်နယ်တခုလုံး၊ အားလုံးကို ဖြစ်စေမှာ။ ကျနော်တို့ မစားရလို့ မနာလိုတာလည်း မဟုတ်ဘူး။ ဒီလို သစ်ပင်၊ ဝါးပင် တောအုပ်ကြီးကို အလဟဿ အကျိုးမရှိဘဲ မဖျက်ဆီးပစ်ဖို့၊ သစ်ပင်၊ ဝါးပင်တွေကို ကာကွယ်ဖို့ ဒါကို ကျနော်တို့ အဓိကထားပြီး လုပ်ရမယ်လို့မြင်တယ်” လို့ ပြောပါတယ်။

ရွှေတူးပြီး အကျိုးခံစားခွင့်ရှိတာက နိုင်ငံခြားသား တရုတ်တွေဖြစ်ပြီး ပုဂ္ဂလိက အကျိုးစီးပွားအတွက် ဖြစ်သွားကာ ဒေသခံတွေသာမဟုတ်ဘဲ မြန်မာနိုင်ငံအတွက်တော့ သစ်ပင်၊ ဝါးပင်တွေ အဓိပ္ပာယ်မဲ့ အလဟဿ ကုန်သွားမယ်လို့ သူက ပြောပါတယ်။

အဲဒီရွှေလုပ်ကွက်လုပ်နေတဲ့ တရုတ်တွေက အရင်က တနိုင်း-လီဒိုလမ်းက ရှဒူးဇွပ်မှာ စက်ကြီးနဲ့တူးဖော်တာ မကိုက်လို့ လက်ရှိတူးနေတဲ့နေရာကို တောလမ်းကနေ ဘက်ဖိုးသုံးစီးနဲ့ လမ်းခိုးဖောက် ရောက်ရှိလာကြောင်း လုပ်ကွက်မန်နေဂျာလို့ ယူဆရတဲ့သူကို မေးမြန်းရာမှာ ပြောပြတယ်လို့ ဆိုပါတယ်။

“သူတို့လာခဲ့တဲ့ လမ်းကြောကိုပဲ စဉ်းစားကြည့်။ သစ်ပင်တွေ ဘယ်လောက်ဖျက်ဆီးခဲ့ပြီလဲ။ အခုလည်း စက်ကြီးနဲ့ တရက်တရက် သူတို့လုပ်လိုက်တာ နည်းတာမဟုတ်ဘူး။ ဒီလိုဆိုရင် မလွယ်ဘူး။ တဧက သိန်း ၂၀ က အဲဒီသစ်ပင်တွေ ခုတ်ရောင်းရင်တောင် မကဘူး ရလောက်တယ်။ နှစ်ရာချီ ထောင်ချီ သက်တမ်းရှိတဲ့ သစ်ပင်တွေ အလဟဿ ဘက်ဖိုးနဲ့ ကော်လှဲ၊ မီးရှို့ပစ်တာ။ နှမျောတသမိတယ်” လို့ နောက်ထပ် ဒေသခံတဦးကလည်း ပြောပါတယ်။

အဲဒီသစ်ပင်တွေကို ဒေသခံတွေအနေနဲ့ တနိုင်းဘက်ထုတ်ပြီး ပျဉ်ပြန်ထုတ်ဖို့လည်း အပြင်ထုတ်ရင် စစ်ကောင်စီက ပြန်ဖမ်းတာကြောင့် မဖြစ်နိုင်သလို ကေအိုင်အေ အနေနဲ့လည်း အဲဒီနေရာကို တလတကြိမ်တောင် လာရောက်စစ်ဆေးနိုင်ဖို့ မလွယ်ဘူးလို့ သူက ရှင်းပြပါတယ်။

ဒေသခံတွေအနေနဲ့တော့ အေအိုင်အေတွေဖြစ်ဖြစ်၊ စစ်ကောင်စီဖြစ်ဖြစ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာတတ်တွေ၊ သစ်တောထိန်းသိမ်းရေးဌာနတွေ အပါအဝင် ဒေသခံတွေပါ အားလုံး ဒီလို နှစ်ရာချီ၊ ထောင်ချီ သစ်တောကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေကြဖို့ ပြောပါတယ်။

ကေအိုင်အေနဲ့ နီးစပ်သူတဦးကတော့ တရားမဝင် တရုတ်နိုင်ငံသားတွေအနေနဲ့ ကချင်နဲ့ တရုတ်နယ်စပ် တောကြီးမျက်မည်း ကေအိုင်ကေ စစ်သားတွေတောင် မရောက်တဲ့ နေရာတွေမှာ မြေရှားသတ္တု ခိုးတူးဖို့နဲ့ ရွှေ၊ ကျောက် စသဖြင့် မြေအောက်သယံဇာတတွေ တူးယူဖို့ စက်ယန္တရားကြီးတွေနဲ့ လူအရောက်အပေါက်နည်းတဲ့ တောကြီးထဲမှာ ရောက်ရှိနေတာကြောင့် အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

တရားမဝင် တရုတ်နိုင်ငံသားတွေကတော့ တရုတ်-မြန်မာနယ်စပ် မူဆယ်တကြော အပါအဝင် တခြား နယ်စပ်ဒေသတွေကနေ ဒေသခံအာဏာပိုင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ခိုးသွင်းနေတာဖြစ်ပြီး တရုတ်နိုင်ငံသားတဦး မြန်မာနိုင်ငံထဲအရောက် လက်ရှိ တရုတ်ယွမ်ငွေ ၁၀ သိန်း ဈေးပေါက်တယ်လို့ အရင်က တရုတ်ဘက် လူပို့နေတဲ့ ပွဲစားတဦးက ပြောပါတယ်။

အဲဒီလို ဈေးမတန်တဆပေးပြီး မြန်မာဘက်ထဲဝင်လာတဲ့ တရုတ်နိုင်ငံသားတွေကတော့ အဓိက သဘာဝသယံဇာတ လုပ်ကွက်တွေ လုပ်မယ့်လုပ်ငန်းတွေ၊ တရားမဝင် မှောင်ခိုလုပ်ငန်းတွေ၊ လောင်းကစားရုံတွေနဲ့ ကျာဖြန်ဆိုတဲ့ ကမ္ဘာပတ် ငွေလိမ်လည်တဲ့ ကုမ္ပဏီတွေ လုပ်မယ့်သူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013