DVB Logo
Home
မြန်မာသတင်း
MOU အလုပ်သမားများကို ပတ်စ်ပို့ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သဖြင့် တရားမဝင်သွားရောက်သူ ပိုများလာနိုင်
DVB
·
January 17, 2023
MOU အလုပ်သမားများကို ပတ်စ်ပို့ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သဖြင့် တရားမဝင်သွားရောက်သူ ပိုများလာနိုင်
Donate to DVB

မြန်မာနိုင်ငံကနေ  MOU စနစ်နဲ့ ပြည်ပမှာ တရားဝင်သွားရောက်လုပ်ကိုင်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို ခြွင်းချက်အနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် ပေးထားတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် တရားမဝင်သွားရောက်မှုတွေ ပိုများလာနိုင်တယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအဖွဲ့ဟာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်အရ အလုပ်ခေါ်စာနဲ့ စေလွှတ်မယ့် အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားတာကို အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ညှိနှိုင်းပြီး Green Channel နဲ့ သီးသန့် ဆောင်ရွက်ပေးနေတာပါ။ ဒါပေမဲ့ ဒီကနေ့ကစလို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ယာယီရပ်ဆိုင်းမယ့်အကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံ အသိပေး အကြောင်းကြားလာပါတယ်။

ဒါကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဟာ တရားဝင်လမ်းကြောင်းနဲ့ သွားမယ့်သူတွေကို တရားမဝင် လမ်းကြောင်းကတဆင့် ဝင်ရောက်ဖို့ တွန်းအားဖြစ်စေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ထောက်ပြထားပါ တယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အသင်းဝင်လုပ်ငန်းရှင်တဦးက “MOU နဲ့ တရားဝင်သွားချင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်က အခုလို အကျပ်အတည်း ဖြစ်လာတဲ့အခါ အောက်လမ်းကနေပဲ သူတို့ သွားကြတော့မှာပေါ့နော်။ နဂိုကတည်းက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ တနေ့ တနေ့ အဖမ်းခံနေရတဲ့သတင်းကို အားလုံးကြားနေရတာပဲလေ။ အခုတော့ ပတ်စ်ပို့တွေပါ လုပ်ခွင့် ပိတ်လိုက်တော့ တရားမဝင် သွားဖို့အတွက် အားပေးရာပိုပြီး မရောက်စေဘူးလား” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားတဘက်မှာလည်း MOU စနစ်နဲ့ မဟုတ်ပဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက  ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့် ခွင့်ပြုပေးထားတာက MOU စနစ်နဲ့ တရားဝင်သွားမယ့် လုပ်သားအရေအတွက်ကို လျှော့နည်းစေပါတယ်။

ထိုင်းနိုင်ငံဆီ MOU စနစ်နဲ့ တရားဝင်ပို့နေတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီပိုင်ရှင်တဦးက  “ထိုင်းဘက်မှာ ပန်းရောင်ကတ်တွေ လုပ်ပေးနေသရွှေ့ တရားမဝင် သွားနေတဲ့ လူတွေက များနေမှာပဲ။ ဘာကြောင့်လဲဆို ပန်းရောင်ကတ် လုပ်ဖို့က ဟိုရောက်တာနဲ့ ဘာမှ မလိုဘူးလေ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် ရှိတယ်ဆိုရင် လုပ်လို့ ရတယ်။ အဲ့ဒါရှိရင် ထိုင်းမှာ အလုပ်လုပ်ဖို့ စမတ်ကတ် လုပ်လို့ ရတဲ့ အနေအထား မှာတော့ ကျနော်တို့ဆီက အလုပ်သမားတွေက တရားမဝင် သွားနေကြမှာပဲ။ ပြီးတော့ MOU နဲ့ တရားဝင်သွားတဲ့လမ်းကြောင်းက အချိန် စောင့်ရတယ်။ အခု စာချုပ် ချုပ်ပြီး အခု သွားလို့ မရဘူး။ ၄၅ ရက် အချိန်စောင့်ရတယ်။ အဲ့လို အချိန် မစောင့်နိုင်တဲ့ အလုပ်သမားတွေကတော့ တရားမဝင် လမ်းကြောင်းကနေ သွားကြတာပေါ့။ ဒါကြောင့် ပြဿနာက ဟိုဖက်မှာ ပန်းရောင်ကတ်တွေ ရိုက်ပေးနေသမျှ ကျနော်တို့ဆီက MOU လမ်းကြောင်းနဲ့ သွားတဲ့သူတွေကတော့ နည်းလာမှာပဲ” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ငန်းခွင်မှာ အလုပ်လုပ်ခွင့်မရလို့ ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သတ်ပြီး အဆိုပါလုပ်ငန်းရှင်က “အဲ့ဒါက လုပ်ငန်းပိုင်းဆိုင်ရာ process တွေနောက်ကျသွားလို့လေ။ နောက်ကျသွားတော့ အလုပ်ရှင်တွေက ဘတ်သမား တွေကို ခေါ်သွင်းလိုက်ကြတယ်။ ခေါ်သွင်းလိုက်တော့ MOU နဲ့ သွားတဲ့ လူတွေကို သူတို့က လက်မခံချင်တော့ဘူး ဖြစ်သွားတယ်။ ဆိုပါတော့ အလုပ်ရှင်က သူ့ဆီမှာ အလုပ်သမား လူ ၁၀၀ လိုတယ်ပေါ့။ ဒါပေမဲ့ ဒီဘက်မှာ ဘာရှိလဲဆိုတော့ MOU နဲ့ ထွက်ဖို့က ၄၅ ရက် အချိန်ပေးရတယ်။ အဲ့အချိန်မှာ ပွဲစားတွေက ဘတ်သမားတွေကို ခေါ်ပြီး ရိုက်သွင်းလိုက်တယ်လေ။ အဓိက ဖြစ်သွားရတာ အဲ့ဒါကြောင့်ပါ။ အမှန်တကယ်ဆို လူမခေါ်ချင်ရင် Demand တွေ ထုတ်မပေးပေါ့နော်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးဟာ ချွတ်ခြုံကျလာတဲ့အပြင် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလန်းတွေ ရှားပါးလာတဲ့အတွက် လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ ထွက်လာကြပြီး အလုပ်အကိုင် အခွင့်အလန်းတွေကို ရှာဖွေနေကြရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013