DVB Logo
Home
မြန်မာသတင်း
သီးခြားအစီအစဥ်ဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေမှု ထပ်မံရပ်ဆိုင်း
DVB
·
January 17, 2023
သီးခြားအစီအစဥ်ဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေမှု ထပ်မံရပ်ဆိုင်း
Donate to DVB

ဗုဒ္ဓဂါယာဘုရားဖူးနဲ့ ပြည်ပကို MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့်သူတွေကို သီးခြားအစီအစဥ်ဖြစ်တဲ့ Green Channel နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတာကို ဒီနေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး ထပ်မံရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Green Channel နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရထားတဲ့ ကုမ္ပဏီတချို့ဟာ ငွေကြေးရယူပြီး လုပ်ကိုင်နေတာတွေကြောင့် ပြဿနာတွေဖြစ်ပေါ်ပြီး အခုလို ရပ်ဆိုင်းလိုက်တာလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“လူတယောက်ကို သိန်း ၂၀ လောက်ယူပြီး လုပ်ပေးနေတာတွေ သတင်းပေါက်ကြားပြီး ပြဿနာတွေ ဖြစ်ကြတယ်ကြားတယ်။ အဲဒါနဲ့ အကုန်ပိတ်ခိုင်းလိုက်တာလို့ သိရတယ်။”

အဲဒီလိုလုပ်ဆောင်နေတဲ့ ကုမ္ပဏီ ၁၄၃ ခုကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က Black List စာရင်းသွင်းထားပြီး အဲဒီထဲမှာ ပြည်အလုပ်အကိုင်အေဂျင်စီ ၁၃၃ ခုအထိ ပါဝင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံ ဇန်နဝါရီ ၁၂ ရက်က အကြောင်းကြားထားတဲ့စာမှာ ဖော်ပြထားပါတယ်။

အဲဒီအေဂျင်စီတွေကို နိုင်ငံကူးလက်မှတ်လျှောက်ထားမှု အစီအစဥ်မှာ မပါဝင်အောင် စိစစ်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။

MOEAF ရဲ့ မနေ့ကထုတ်ပြန်တဲ့စာမှာတော့ Black List သွင်းခံရတဲ့ ကုမ္ပဏီတွေတင်မကဘဲ Green Channal နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအားလုံး ဇန်နဝါရီ ၁၇ ရက်ကစပြီး ရပ်ဆိုင်းကြောင်း ဖော်ပြထားပါတယ်။

အဲဒီလို ရပ်ဆိုင်းလိုက်တာကြောင့် ပြည်ပကိုသွားရောက်ဖို့ နိုင်ငံကူးလက်မှတ် မရှိသူတွေ၊ သက်တမ်းတိုးရမယ့်သူတွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားတဦးက ဆိုပါတယ်။

“သက်တမ်းတိုးမရဘဲ ပြည်ပထွက်ဖို့က မဖြစ်နိုင်ဘူး။ ဘယ်တော့ပြန်ဖွင့်ပေးမယ် ဆိုတာလည်း မသိရတော့ တော်တော်အခက်ဖြစ်ရတယ်။”

စစ်ကောင်စီဟာ ဒီဇင်ဘာလဆန်းက နိုင်ငံကူးလက်မှတ်လုပ်ဖို့ QR ကုတ်နဲ့ ရက်ချိန်းယူရတဲ့ အစီအစဥ်ကို ရပ်ဆိုင်းလိုက်ပြီး အဲဒီလကုန်ပိုင်းမှာပဲ ရက်ချိန်းယူထားပြီးသူတွေကို နိုင်ငံကူးလက်မှတ် ဆက်ထုတ်ပေးနေတာကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီနောက် Green Channel နဲ့ နိုင်ငံကူးလက်မှတ်တွေ ဆက်လုပ်ပေးနေခဲ့ပြီး တလမပြည့်ခင်မှာတင် အဲဒီအစီအစဥ်ကိုပါ ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013