DVB Logo
Home
Lead Story
တစ်ဂါထာ သာဝ (သရော်စာ)
DVB
·
January 17, 2023
တစ်ဂါထာ သာဝ (သရော်စာ)
Donate to DVB

(က)

‘တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ' ဆိုရိုးစကားကို သွား၍သတိရမိပါလေ၏။

လေရှီးက ဖေကြီးသည်ကား နယ်ပယ်ဒေသအတော်များများသို့ ဖြတ်သန်းသွားလာခဲ့လေရာ ထိုဒေသမြို့ရွာအသီးသီးက လူနေမှုစရိုက်များကို ခရီးသွားဟန်လွဲ မြင်ကြားတွေ့သိခဲ့ဖူးပါလေ၏။

ယခု သည်ရွာကလေးမှာ အနေကြာလာတော့လည်း ‘သည်ကျောင်း သည်ဂါထာ၊ သည်ရွာ သည်ပုဒ်ဆန်း’ ဆိုသလို ဟိုဟိုသည်သည် မြင်ရပါလေတော့၏။ မြန်မာပြည်ထဲက အခြားရွာကလေးများနည်းတူ သူ့မှာလည်း သူ့စရိုက်နှင့်သူပါတကား။

ရွာမှာ အနီရောင်ကြိုက်သူ ရာခိုင်နှုန်းကား အများဆုံးဖြစ်သော်လည်း အစိမ်းရောင် စွဲလမ်းသူလည်း ရာခိုင်နှုန်းအနည်းငယ် ရှိပါ၏။ အဝါရောင်ချစ်သူအချို့လည်း ရှိပြီး၊ အပြာရောင်မှ အပြာရောင်ဆိုသူ တစ်ဦးစ နှစ်ဦးစလည်း ရှိနေပါလေ၏ ခင်ဗျာ။

ဥပမာပြောရမည်ဆိုလျှင်ဖြင့် ရွာ့တောင်ကျောင်းက ကျောင်းထိုင်ကိုယ်တော်မှာ ‘လုံးဝအစိမ်း’ ဖြစ်၏။ ရွာ့မြောက်ကျောင်း ဆရာတော်ကား ‘အနီစစ်စစ်’ ဖြစ်တော်မူပေရာ ရွာသားတွေ အရောင်ကွဲကြတာလည်း ဆန်းကြယ်လှသည် မဟုတ်ပါ။

(ခ)

ရွာမှာ ‘မဆလ’ ခေတ်ကနေ ‘တစည’ ခေတ်၊ ‘တစည’ ခေတ်ကနေ ‘နဝတ’ခေတ်၊ ‘နအဖ’ ခေတ်တွေအထိ အဆက်ဆက် အစွဲအလမ်းကြီးစွာ ဖက်တွယ်လာခဲ့ကြသည့် ‘မဘသ’ တွေလည်း ရှိပေရာ ၎င်းတို့မှာ ယခုအခါ ‘မအလ’ ၏ ‘စကစ’ အထိ တွယ်ငြိနေဆဲ ဖြစ်ပါပေလေ၏။

အနှီသူတို့သည်ကား ‘မအလ’ အာဏာသိမ်းတာကိုလည်း ကြွတက်ကာ အားရပါးရ ထောက်ခံကြလေ၏။ ယခုအခါ မအလက ‘ရွေးကောက်ပွဲ’ လုပ်ပေးမည်ဟု လုံးဝမဖြစ်နိုင်တာကြီးကို ဟန်လုပ်ပြောဆိုနေလည်း မျက်လုံးပိတ်ကာ လက်ခုပ်တီး၍ ယုံကြည်နေကြပြန်ပါလေတော့၏။

ယခုအခါ ဤရွာကလေးနှင့် အနီးပတ်ဝန်းကျင်ရွာစဉ်ရွာဆက်များမှနေ၍ မနီးမဝေး တောမြို့ကလေးဆီသို့ ချောချောမွေ့မွေ့ သွားလာခွင့်ရနေသည့် လမ်းကလေးသည် မကြာသေးမီ NLD အစိုးရလက်ထက်ကမှ ‘ရ’ ခဲ့သည့်လမ်းဖြစ်ပြီး ဟိုးယခင်နှစ်ပေါင်းများစွာက ခက်ခက်ခဲခဲ သွားခဲ့ရသည့် လမ်းဆိုတာကိုအဆိုပါ ' မအလများ' က မေ့ချင်ယောင်ဆောင်နေသည်ဟု အဘစောမူးသာတို့က ပြောပြကြပါ၏။

"ကျေးဇူးရှင်ကို မစော်ကားကောင်းဘူးကွ၊ တစ်သက်လုံး ' မီး ' မရခဲ့တဲ့ ' ရခိုင်ပြည်နယ်ကို ၂၀၁၅ နဲ့ ၂၀၂၀ ကြားကာလလေးအတွင်းမှာပဲ မီးပေးနိုင်ခဲ့တယ်။"

" အေးကွ . . မူးသာပြောသလိုပဲ ' ချင်းတောင် ' ပေါ်မှာလည်း အချိန်တိုကလေးအတွင်း လေယာဉ်ကွင်းနှစ်ကွင်း နေ့ချင်းညချင်းကွာ . . . "

အဘစောမူးသာစကားကို စစ်ပြန်ကြီးအဘလုံးတုံးက ဖြည့်စွက်ပါ၏။ သူတို့ငယ်ပေါင်း အဘစိမ်းမောင်ကား အမြည်းသုပ်ဝါးလိုက် ရေနွေးကြမ်းမော့လိုက် ဖုန်းက လိလိုက်ဖြင့် မကြားသလိုလို တင့်တယ် နေပါလေ၏ ခင်ဗျာ။

(ဂ)

စကားဝိုင်းမှာ သည်ရွာတွေမှသည် တောမြို့ကလေးဆီသို့ ချောမွေ့စွာဖြတ်သန်းခွင့် ရခဲ့သည့် လမ်းဆီသို့ ဦးတည်ရောက်ရှိခဲ့လေပြီး ဟိုယခင်က ချောချောမွေ့မွေ့ရှိခဲ့ပေမဲ့ ယခုအခါ ကြမ်းတမ်းလာကြောင်းပြောကြပါလေရာ ဖေကြီး မေးမိပါလေပြီ။

"လမ်းက ကြမ်းတမ်းလာတယ်ဆိုတော့ ပေါက်ပြဲကုန်လို့လား အဘတို့ရေ . . . "

" ဟားဟား ဟားဟား ဟားဟား . . . "

" လမ်းကတော့ စံချိန်မီဖောက်ခဲ့လို့ ချောပါ့မောင်ရာ . . . ကြမ်းတမ်းတယ်ဆိုတာ က လမ်းမှာ ' အဖမ်းအဆီး ' သိပ်ကိုကြမ်းနေလို့ ဖေကြီးရ "

အနှီ အဖမ်းအဆီးသတင်းတွေကား များပြားလှပါလေ၏။ ဘယ်သူတော့ဖြင့် ဘယ်နေ့က ဘယ်လိုအဖမ်းခံရပြီး ဘယ်လောက်ဒဏ်ရိုက်ခံရတယ်၊ ဘယ်သူတော့ဖြင့် ဘယ်ရက်က ဘယ်လိုအဖမ်းခံရပြီး ဒဏ်ကြေးမဆောင်နိုင်လို့ ဘယ်နှရက်အချုပ်ကျတယ်ဆိုတာတွေကို ကြားသိမြင်တွေ့နေရပါ၏။

' မော်တော်ပီကယ် ' ကဖမ်းတာမဟုတ်ဘဲ' ရဲ ' နှင့် ' စစ်သား ' များက ဖမ်းဆီးဒဏ်ရိုက်ကာ ' ငွေညှစ် ' နေကြတာပါတဲ့ခင်ဗျ။

ဆိုင်ကယ်လိုင်စင်မပါလို့ ဖမ်းတယ်၊ လူလိုင်စင်မရှိလို့ ဒဏ်ရိုက်တယ်၊ ဆိုင်ကယ်စီးဦးထုပ် မပါလို့ဖမ်းတာမျိုးဆိုသည်များအပြင်၊ နောက်ကြည့်မှန်ကွဲနေလို့ဖမ်းတာမျိုးမှသည် ဆိုင်ကယ်လေလျော့နေလို့ ဖမ်းတာမျိုး၊ ဆိုင်ကယ်ရွှံ့ပေနေလို့ဖမ်းတာမျိုးအထိကို ကြမ်းတမ်းကာ မတန်တဆဒဏ်ငွေများ ပေးဆောင်နေကြရကြောင်း သိရှိရပါလေ၏။

မြန်မာပြည်၏ ရွာငယ်ကလေးများဆိုသည်ကားတရုတ်လုပ် ဆိုင်ကယ်အစုတ်ကလေးများကို ခေတ်အဆက်ဆက် အလုပ်ဖြစ်ရုံစီးနေကြရ ပေရာ ဘယ်မှာလာ လူလိုင်စင် ဆိုင်ကယ်လိုင် စင် အပြည့်အစုံ ရှိပါကုန်မည်နည်း။

' ဒဏ်ငွေ ' တွေကလည်း မြို့တော်ရန်ကုန်မှာမျဉ်းကြားကမကူးလို့ ရိုက်တဲ့ နှစ်ထောင်မျိုး၊ သုံးထောင်မျိုးမဟုတ်ဘဲ ငွေကျပ်သုံးသောင်းမှသည် ငါးသောင်းဆီအထိတဲ့ ခင်ဗျ။

အဘစောမူးသာတို့ အဘလုံးတုံးတို့က ဖြစ်စဉ်ကိုသုံးသပ်နေကြစဉ် စိမ်းသရဖူစိမ်း  အဘစိမ်းမောင်ကား မကြားချင်ယောင်ဆောင်နေတော်မူပါလေ၏ ခင်ဗျာ။

"အဓိကအချက်ကတော့ လူတွေရဲ့ ကူးသန်းသွားလာမှုကို ကြောက်စိတ်ကြောင့် ပိတ်ပင်တာပဲကွ၊ ဒီလိုမျိုးတွေ နေ့စဉ်လုပ်နေတော့ လူတွေလည်း အပြင်မသွားရဲတော့ဘူးပေါ့ "

အဘစောမူးသာ၏မှတ်ချက်စကားကိုကြားတဲ့အခါမှ အဘစိမ်းမောင် လှုပ်ရှားရုန်းကြွလာကာ ပြောသင့်ရဲ့လား မပြောသင့်ဘူးလားဆိုတာကို တွေးဆနိုင်မှုမရှိဘဲ သူတို့သားအဖတွေရဲ့ တစ်ခါမှအဖမ်းမခံရတဲ့ဖြစ်စဉ်တွေကို ပြောကြားပါလေတော့၏။

"ငါတို့လည်း သည်လမ်းပေါ် သည်လိုပဲသွားနေကြတာပါပဲကွာ . . . တစ်ခါမှပြဿ     နာအရှာမခံရဘူးကွ . . . အာ ဟ "

"အေးပေါ့ကွာ . . . မင်းတို့က ယာဉ်စည်းကမ်းနဲ့ညီလို့ ဖြစ်မှာပေါ့"

"ဟား ဟား ဟား ဟား ဟား ဟား . . . "

အဘစိမ်းမောင်ကား ဟာသကောင်းတစ်ခုကိုကြားလိုက်ရသလို ရုတ်တရက်ကြီးကို ထပြီး ရယ်ပါလေ၏။ ပြီးမှ သူတို့လည်း ဦးထုပ်မဆောင်း၊ လူလိုင်စင်မရှိ၊ ယာဉ်လိုင်စင်မပါ ဒီလိုပဲ သွားလာနေတာဖြစ်ကြောင်း ကြွားပြောလေးပြောပါ၏။

"ငါနဲ့ ငါ့သားအကြီးကောင် လေးမောင်တို့ ဒီမနက်ပဲ ဆိုင်ကယ်နဲ့သွားကြတာ . . . ရဲ တွေစစ်တဲ့နေရာလည်းရောက်ရော ငါတို့ ကိုလှမ်းပြောတယ် ' သွား သွား ' တဲ့ဟ "

"နင်တို့က ' ပိုင် ' လို့ ဖြစ်မှာပေါ့ဟာ . . "

"ဟားဟား ဟားဟား ဟားဟား . . . . . သူတို့က ငါ့ရင်ခွင်ထဲမှာ ပုဆိုးနဲ့ထုပ်ပြီး ပိုက်ထားတဲ့ကောင်ကိုမြင်ပြီး သွားခွင့်ပြုတာဟ"

"ဟေ . . . မင်းမြေးကို ဆေးခန်းသွားပြကြတာလား "

"ဟားဟား ဟားဟား ဟားဟား . . . . ငါ ပိုက်ထားတာ ငါ့အိမ်က ' တိုက်ကြက်' ကြီးလေကွာ . . . ''

"ဘာ . . . ဘယ်လို . . . "

"အေး . . . မင်းတို့မှတ်ထားကြ၊ ဆိုင်ကယ်စီးလာလို့ 'တိုက်ကြက်ဖ' ပါလာရင် ဘာမှ မရစ်ဘူးကွ . . . သူတို့ ' အာဝါဒေး ' ပွဲတွေကိုသွားမယ့် အသက်ဝင်အောင်လုပ်ပေးနေတဲ့ ငါတို့ဟာ ' ဗီ အို င် ပီ ' တွေပေါ့ဟ။ "

"ခံကြ . . . ခံကြ . . . ခံကြ . . . "

 ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013