DVB Logo
Home
Lead Story
ငရဲကြီးရှစ်ထပ် ဆင်းရ ဆင်းရ (သရော်စာ)
DVB
·
January 16, 2023
ငရဲကြီးရှစ်ထပ် ဆင်းရ ဆင်းရ (သရော်စာ)
Donate to DVB

“ဟိုက်! ဘာတွေ ပူးပေါင်းကြံစည်ကြပြန်ပြီလဲဟ”

အကျွန်ုပ်နှင့် ကျောင်းဆရာဟောင်း ကိုဟန်တင် တမာရိပ်အောက်က လက်ဖက်ရည်ဝိုင်းမှာ ကျားထိုးနေခိုက် ဘေးကနေ ဖုန်းထိုင်ပွတ်နေတဲ့ ကိုတတ်ပဆီက အာမေဍိတ်သံ ထွက်လာပါရောလား။ ကိုဟန်တင်နဲ့ အကျွန်ုပ်ရဲ့  ကျားကွက်ပေါ် နစ်နေတဲ့ အာရုံကလည်း ကိုတတ်ပဆီ ကူးပြောင်းသွားပါလေရော။ ကိုတတ်ပ မျက်နှာကို တချက်လှမ်းကြည့်ရင်း-

“ဘာတွေ ထအော်နေတာလဲဟ တတ်ပရ”

သို့ကလို ကိုဟန်တင်က မေးလိုက်တော့ ကိုတတ်ပက သူ့ဖုန်းကြီးကို ကျားကွက်ဘေးချလို့-

“ဒီမှာ တွေ့လား ဆရာတင်၊ ထိုင်းကာချုပ်နဲ့ မအလတို့ တွေ့ကြမလို့တဲ့ဗျ” 

ဆိုပြီး ဖုန်းစကရင်ကို လက်ညှိုးထိုးပြတယ်။ ကျောင်းဆရာက ဖုန်းကို ငုံ့မကြည့်ဘဲ-

“သူတို့လည်း အပျင်းပြေ စစ်တုရင်ထိုးကြမလို့ နေမှာပါ့ကွာ” လို့ ငေါ့တယ်။ 

“အာာ.... မဟုတ်မဟတ် ဆရာတင်ရာ၊ ဒီလူတွေက စစ်တုရင် ထိုးစရာလားဗျ၊ ဆရာအေး ဒီမှာ ကြည့်ဦးဗျ၊ တကယ်တွေ့ကြမှာနှော”

ကိုတတ်ပက ဖုန်းကို အကျွန်ုပ်ဘက် တိုးရွေ့ပြပြန်တယ်။ ဗုဒ္ဓေါ၊ ဒုက္ခော၊ အဟုတ်ကော။ သတင်းခေါင်းစီးက ထိုင်းကာချုပ်နဲ့ မအလ သံတွဲမှာ တွေ့ကြမယ်ဆိုပါကလား။ အကျွန်ုပ်လည်း ဆရာတင့်ကို လှမ်းကြည့်ရင်း သတင်းထဲပါလာတာ မှန်ကြောင်း လှမ်းပြောမိတယ်။

“ဆရာဟန်တင်ရေ .... ကိုတတ်ပပြနေတဲ့ သတင်းမှာတော့ ထိုင်းကာချုပ်နဲ့ မအလ သံတွဲမှာ တွေ့မယ်လို့ ရေးထားတာတော့ အမှန်ပဲဗျ”

"အံမယ် .... အံမယ်၊ ဒင်းတို့က နေပြည်တော်လည်း မတွေ့၊ ရန်ကုန်မှာလည်း မဆုံနဲ့ ဘာဖြစ်လို့ သံတွဲမှာ သွားတွေ့ရတာတဲ့တုန်း ၊ ငပလီမှာ နှစ်ပါးကြည်ချင်လို့များလားဟ"

"ဟာဗျာ၊ နှစ်ပါးကြည်စရာလားဗျ"

"မသိနိုင်ဘူးလေ တတ်ပရာ၊ မင့်ပထွေး မအလက ခုတမျိုး၊ တော်ကြာတမျိုးနဲ့ ဖြတ်ဖောက်ချုပ်လို အမျိုးအစားကိုးဟ၊ ငပလီမှာ နှစ်ပါးကြည်ချင်လို့ လှမ်းဖိတ်တာနေချင် နေမှာ"

ကျောင်းဆရာကိုဟန်တင် အရွှန်းဖောက်နေပေမယ့် အကျွန်ုပ်တို့မှာ မရယ်ရဲ သံတမန်ရေး အထီးကျန်နေတဲ့ မအလကိုများ ဘာ့ကြောင့် ထိုင်းကာချုပ်က လူရာသွင်း လာတွေ့နေရတာလဲ။ စဉ်းစားရ ခက်ပါဘိ။ အကျွန်ုပ်နှင့် တတ်ပ မျက်နှာတည်ကာ စဉ်းစားခန်းဝင်နေပုံကို ကြည့်ကာ ကိုဟန်တင်လည်း မျက်နှာပိုးသတ်သွားတယ်။

"နို့ ... ဘာ့လို့ လာတွေ့တာတဲ့လဲဟ တတ်ပရ"

"ရော် .... အဲ့ဒီအချက် သတင်းထဲမှာ မပါလို့ စဉ်းစားရကြပ်နေတာပေါ့ ဆရာတင်ရာ"

"ဪ .... ငါ မှတ်မိပြီ၊ ဒီလိုလည်း ဖြစ်နိုင်သကွ"

မျက်လုံးလေးမှေး၊ မေးစေ့လေးပွတ်ရင်း အိုက်တင်ခံနေတဲ့ ကိုဟန်တင်ကို အကျွန်ုပ်လည်း လောဆော်လိုက်ရတယ်။

"ဟုတ်လား၊ ဘာမှတ်မိတာလဲ၊ ဘာဖြစ်နိုင်လဲ"

"ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ထိုင်းကာချုပ်ဟောင်းက မအလလို သက်တမ်းမတိုးဘဲ ပင်စင်ယူပြီး ဘုန်းကြီးဝတ်သွားတယ်မို့လား"

ကိုဟန်တင်စကားကို ကိုတတ်ပက ခေါင်းတညိတ်ညိတ်လုပ်ရင်း-

"ဪ ... အင်း မှတ်မိပြီ၊ မှတ်မိပြီ၊ မြန်မာပြည်ကလူတွေတောင် ဒီက အကုသိုလ်အတုံးအခဲ မအလကြီးနဲ့ နှိုင်းယှဉ်ပြီး သာဓုတွေ ဖြိုင်ဖြိုင် ခေါ်ခဲ့ကြသေးတယ်လေ" လို့ ထောက်ခံတယ်။

"အေးလေ၊ အဲဒီထိုင်းကာချုပ်ဟောင်းက ကြည်ကြည်ဖြူဖြူ ပင်စင်ယူပြီး၊ အခု ကာချုပ် Chalermpol Srisawat ကို ရာထူးလွှဲပေးခဲ့တာ မဟုတ်လား"

"ဟုတ်ပါ့၊ ဟုတ်ပါ့"

အကျွန်ုပ်လည်း ထောက်ခံလိုက်ရတယ်။ ကိုဟန်တင်က ဆက်ပြောပြန်တယ်။

"ဒီတော့ လက်ရှိကာချုပ် Chalermpol Srisawat က မအလကိုလည်း  ဘုန်းကြီးဝတ်ဖို့ လာနားချတာ ဖြစ်နိုင်သကွ"

"အမ်မငီး၊ တော်လိုက်တဲ့ ကြောက်စရာကြီး၊ အဲ... ကျောင်းဆရာကြီး ၊ အမှန်းအဆတွေက အရမ်းဖလန်းဖလန်းထနေပါလားနော်၊ ဒီမယ် ကျောင်းဆရာ မအလကို ငရဲကြီးရှစ်ထပ်ဆီ နှုတ်သီးနဲ့ထိုးပြီး ကျင်းတူးဆင်းသွားဆိုရင်သာ ဆင်းသွားမယ်၊ ရာထူးအာဏာတော့ လက်လွှတ်မှာ မဟုတ်ဘူးဗျ၊ သိရဲ့လား... သိရဲ့လား"

မချိတင်ကဲ ဝမ်းခေါင်းသံကြီးနဲ့ ပြောလိုက်တဲ့ ကိုတတ်ပ စကားသံကြောင့် လက်ဖက်ရည်ဆိုင်ထဲက တခြားဝိုင်းတွေကပါ လှမ်းကြည့်‌လာကြတာမို့ အကျွန်ုပ်လည်း ဝိုင်းထိန်းလိုက်ရပေ၏။

"ရှုး... တိုးတိုး"

အညာတမာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013