DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူ၊ ပုလဲနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
January 13, 2023
ဆိပ်ဖြူ၊ ပုလဲနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရိက္ခာပို့တဲ့ကားတစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - BHSRF ကနေ သိရပါတယ်။

ဆိပ်ဖြူ-ပေါက် လမ်းမကြီး ဆိပ်ဖြူ-ပေါက်-ပခုက္ကူသွားတဲ့ ၁၀ မိုင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီလောက်မှာ OAK AWE UG (စလေ) နဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီးတလုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် ထိခိုက်သွားတယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး တာဝန်ခံ မိုရှေက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေနဲ့ စျေးကားတွေဆီကနေ ငွေညှစ်နေသလို ကုန်ပစ္စည်းတွေကိုလည်း ကန့်သတ်ကာ ပြည်သူတွေကို ဖမ်းဆီးနေလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆိပ်ဖြူဘက်ကနေ ကပစ ၂၂ ဘက်ကိုလာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကား ၂ စီးကိုလည်း မနက် ၉ နာရီကျော်လောက်မှာ ဥသြ UG (စလေ) အဖွဲ့နဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ တစီး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

မိုရှေက “အဲဒီ မိုင်းမိသွားတဲ့ ကားပေါ်ကနေ အော်သံတွေကြားရပြီး တယောက် ပြုတ်ကျသွားတာလည်း တွေ့လိုက်ရတယ်။ ဆီတိုင်ကီ ထိခိုက်ပျက်စီးသွားလို့ ၁ မိုင်လောက် အကွာမှာ ကားထိုးရပ်သွားပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အနောက်တောင်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ကန်ဒေါင့်ရွာက စစ်ကောင်စီတပ်နဲ့ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာက ပျူအများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်လှဒေသခံက “သူတို့စခန်းအသိမ်းခံရလို့ စကစတွေက မကျေနပ်ပြီး အခုလို ရွာတွေကို မီးရှို့နေတာဗျ။ ပထမ တောင်ရွာသစ်ကို မီးရှို့တယ်ဗျ။ အဲလိုမီးရှို့ဝောာ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်တယ်ဗျ။ ကာကွယ်ရေးအဖွဲ့တွေ ရောက်လာတော့ ရွာကိုမီးရှို့ပြီး သရက်လှရွာဘက် ထွက်သွားပြီး အဲရွာကို ထပ်ပြီးမီးရှို့တယ်ဗျ။ သူတို့မီးရှို့လို့ ကျနော်တို့ဒေသခံတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတယ်ဗျ။ လူတွေကတော့ အရင်ရက်တွေကတည်းက ရွာအပြင်ထွက်နေရတာဆိုတော့ အထိအခိုက်တော့ မရှိနိုင်ဘူး” လို့ ပြောပါတယ်။

အခု စစ်ကောင်စီကမီးရှို့လို့ သရက်လှရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၀ အိမ်သာ မီးမလောင်ဘဲကျန်ခဲ့ပြီး တခြားအိမ်တွေကတော့ မီးလောင်ဆုံးရှုံးသွားပါတယ်။ တောင်ရွာသစ်ရွာကတော့ အိမ်ခြေ ၂၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျားသစ်နက်တပ်ရင်းမှူး ကိုဥက္ကာက “ဒီကောင်တွေ ထွက်လာမယ်ဆိုတာကို သိလို့ ကျနော်တို့ သရက်လှ၊ ရွာသစ်၊ ဘတော်ရွာက ပြည်သူတွေ အပြင်ထုတ်ထားပြီး ကင်းပုန်းဝပ်နေတာ၊ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ဝပ်နေတာ။ ရက်ကြာလာလို့ ထွက်မလာတော့ဘူးအထင်နဲ့ ပြင်ဆင်ထားတာတွေ အကုန်ဖြုတ်ပြီး ဒီနေ့မနက် စခန်းကိုပြန်ချိန်မှ အလစ်ဝင်လာပြီး အခုလို ရွာကိုမီးရှို့တာဗျ။ ကျနော်တို့ ပြန်လာပြီးတိုက်တော့ ထွက်ပြေးပြီး ကန်ဒေါင့်ရွာထဲ ပြန်ဝင်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပုလဲမြို့နယ်အတွင်း ကျေးရွာ ၇ ရွာက ပြည်သူတွေ စစ်ဘေးရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း သရက်ကန်ကျေးရွာ၊ သရက်လှကျေးရွာနဲ့ တောင်ရွာသစ်ကျေးရွာ စတဲ့ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ တောပုရွာထဲက ပျူစောထီးတွေက အနီးအနားရွာတွေကို ဝင်ရောက်ရမ်းကားကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့အတွက် မုံရွာမြို့နယ် ပ.က.ဖ Special Force-11 က ဇန်နဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီ ၃၅ မိနစ်က သွားရောက် တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ လောက်ရှိတဲ့ ပျူတွေက တောပုရွာထဲကထွက်လာပြီး ကြေးမုံရွာနဲ့ ပုရစ်ကုန်းတောင်ရွာ လမ်းမကြီးဘေးက နေအိမ်တွေကို ဝင်ရောက်ရမ်းကားပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့အတွက် Special Force-11 က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ကျော်ကြာ ပြင်းထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ Special Force-11 မုံရွာမြို့နယ် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲက တောင်ကုန်းရွာနဲ့ ကြေးမုံရွာထိပ်မှာ ဖြစ်ပွားခဲ့တာပါ။ တောပုရွာပျူတွေက အနားက ကြေးမုံရွာနဲ့ ပုရစ်ကုန်းတောင် လမ်းမကြီးတလျှောက်က အိမ်တွေကို ဝင်ပြီး ပစ္စည်းတွေခိုးတယ်လို့ သတင်းကြားလို့ ကျနော်တို့အဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ပျူတွေက အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်။ ၁၀ မိနစ်ကျော်လောက် နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ပျူသုံးကောင်တော့ ကြက်ခြံတောင်ဘက်က နေရာမှာ ပွဲချင်းပြီးသွားတယ်။ သူတို့ဘက်က ပျူတချို့လည်း အပြင်းအထန် ဒဏ်ရာရတာတွေရှိတယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက် မရှိပါဘူး။”

Special Force-11 မုံရွာမြို့နယ် ပ.က.ဖ အဖွဲ့က မုံရွာခရိုင်အတွင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာ-မန္တလေး လမ်းမကြီးရဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာမှာ စစ်ကောင်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အခုလို မုံရွာမြို့နယ်ထဲက စစ်ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ပြီး တော်လှန်နိုင်ဖို့ မိုင်းအလုံး ၃၀၀ တားဂက်ကမ်ပိန်းကို ကံစမ်းမဲတစောင် ၅,၀၀၀ နဲ့ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့လည်း မုံရွာမြို့နယ် ပ.က.ဖ Special Force-11 အဖွဲ့က နှိုးဆော်ထားပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013