DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ်က ပြည်သူ ၂ ဦးကိုပစ်သတ်၊ ပျူစောထီးခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
January 13, 2023
ပခုက္ကူတွင် စစ်တပ်က ပြည်သူ ၂ ဦးကိုပစ်သတ်၊ ပျူစောထီးခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူ​မြို့ စက်မှုဇုန်နဲ့ မြို့သစ်ကြားက ကာနီပယ် ကေတီဗီအနီးမှာ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီလောက်က ဆိုင်ကယ်တစီးနဲ့လာတဲ့ လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF သတင်းရတာကြောင့် ကြိုတင်စောင့်ဆိုင်းနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလူငယ်နှစ်ယောက် နေရာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ရဲတွေ အလောင်းလာကောက်သွားတယ်။ သေနတ်ဒဏ်ရာ ၁၂ ချက်လောက် ပစ်ခံရတယ်။ အခုတော့ အလောင်းက ရင်ခွဲရုံမှာ၊ ရဲဘက်က သတင်းမထွက်အောင် ဖုံးထားတယ်။”

ပစ်သတ်ခံရသူနှစ်ယောက်ဟာ  ပခုက္ကူမြို့သစ်က ကိုရဲလင်းထက် (၂၇ နှစ်) နဲ့ ကိုမြတ်လင်းအောင် (၄၂ နှစ်) ဖြစ်တယ်လို့ ပြီး PDF တွေ ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်တစီး နှစ်ယောက်စီးခွင့်နဲ့ ည ၆ နာရီကနေ မနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရဆိုပြီး စစ်တပ်က နိုဝင်ဘာလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ပြန်​ပြီးနောက် သတ်မှတ်ချိန်အတွင်း ဆိုင်ကယ်စီးတာကြောင့် ပစ်ခတ်ဖမ်းဆီးခံရသူ သုံးယောက်ထက်မနည်းရှိပြီး ဆိုင်ကယ်သိမ်းခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့မှာပဲ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက ခရီးသွားပြည်သူတယောက်ကို မမှန်သတင်း ရေးသားဖြန့်ဝေသူလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ပခုက္ကူမြို့ ဧရာဝတီတံတားပေါ်မှာ ဇန်နဝါရီ ၁၂ ရက်က ညောင်ဦးမြို့ဘက်ကနေ ပခုက္ကူမြို့ဘက်ကို ထွက်လာတဲ့ ကားတစီးကို စစ်အုပ်စုတွေက ရပ်တန့်ပြီး လက်ကိုင်ဖုန်းတွေကို စစ်ဆေးကာ ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုညိုထွေးကို မမှန်သတင်း ရေးသားဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပုက္ကူမြို့ ဒေသခံတယောက်က ပြောပါတယ်။

ကိုညိုထွေးရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းကာ ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ပခုက္ကူမြို့မှာ စစ်(...)၊ ရဲ(...)တွေက ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို နေ့စဥ်ဖမ်းဆီးပြီး ငွေညှစ်ပြီး ပြန်လွှတ်တာတွေ ပြုလုပ်နေသလို ငွေကြေးတတ်နိုင်တဲ့ သူတွေကို ဆိုရင်လည်း PDF ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးကာ သိန်းရာနဲ့ချီငွေညှစ်ပြီး ပြန်လွှတ်ပေးတယ်။”

ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက် ၁၇ လမ်းမှာလည်း ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းကလည်း ဒေသခံ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို မနက် ၈ နာရီမထိုးခင် ဆိုင်ကယ်စီးလို့ဆိုပြီး အရပ်ဝတ်နဲ့ရဲတွေက ဖမ်းသွားကာ ၁၇ လမ်းထောင့် ကုန်စုံဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကိုပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာပဲ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက ထန်းမြစ်သွားတူးတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် သေဆုံးခဲ့တယ်လို့ Royal Defence Force ကနေ သိရပါတယ်။

ကုန်းတက်ကန်ရွာနဲ့ အင်ပင်ရွာကြားမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်က အင်ပင်ရွာ ပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ယောက် ထန်းမြစ်တူးဖို့ ဆိုင်ကယ်တွေနဲ့ ထွက်လာတယ်လို့ သတင်းကြိုရတဲ့အတွက် စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ RDF တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ဘခက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးခေါင်းဆောင် စိုးမင်းနိုင်ဟာ သေနတ်မှန်ကာ ဆိုင်ကယ်နဲ့ တမာပင်ကို ဝင်တိုက်မိပြီး သေဆုံးခဲ့ကာ နောက်လိုက်တယောက် ပေါင်ကိုထိမှန်ကာ တယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“အင်ပင်ကျေးရွာမှာ စစ်ကောင်စီတပ်သား ၃၅ ယောက်လောက် အထိုင်ချ တပ်စွဲထားတာကြောင့် သူတို့တပ်စွဲတဲ့နေရာနဲ့ အနီးနားဖြစ်လို့ ၅ မိနစ်လောက်သာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်” လို့ ဗိုလ်ဘခက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ပျူစောထီးတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013