DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို တရုတ်ခရီးသွား သောင်းဂဏန်းဝင်ရောက်မည်ဟု ခရီးသွားလုပ်ငန်းရှင်များ ခန့်မှန်း 
DVB
·
January 12, 2023
မြန်မာနိုင်ငံကို  တရုတ်ခရီးသွား သောင်းဂဏန်းဝင်ရောက်မည်ဟု ခရီးသွားလုပ်ငန်းရှင်များ ခန့်မှန်း 
Donate to DVB

တရုတ်နိုင်ငံသားတွေကို ပြည်ပခရီးသွားလာခွင့်ပေးလိုက်ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံကိုတော့ တရုတ်ခရီးသည် သောင်းဂဏန်းလောက်ပဲဝင်ရောက်လာနိုင်မယ်လို့ ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ပြည်တွင်းမှာ ခရီးသွားလာခွင့်ကို လပေါင်းများစွာ ပိတ်ခဲ့ပြီးတဲ့နောက် တဖက်မှာလဲ zero covid policy ကို ချမှတ်ခဲ့ပါတယ်။ ဒီ့နောက် တရုတ်အစိုးရဟာ လက်ရှိမှာတော့ လပေါင်းများစွာ သွားလာခွင့် ကန့်သတ်ခံခဲ့ရတဲ့ သူ့နိုင်ငံသားတွေကို ပြည်ပခရီး သွားလာခွင့် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ 

ကိုဗစ်မတိုင်ခင်က မြန်မာနိုင်ငံဆီ တရုတ်နိုင်ငံသားခရီးသွားဧည့်သည်ဝင်ရောက်မှုက သန်းနဲ့ချီ ရှိခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သောင်းဂဏန်းလောက်ပဲ ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ခရီးသွားကုမ္ပဏီပိုင်ရှင်တဦးက “တရုတ်ခရီးသွားဧည့်သည်တွေက ကိုဗစ်မတိုင်ခင်ကဆိုရင် မြန်မာနိုင်ငံကို လာတဲ့ ဧည့်သည်တွေထဲမှာ အများဆုံးလာကြတဲ့ ခရီးသွားဧည့်သည်တွေပါ။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ဒီနှစ် (၂၀၂၃) ထဲမှာ တရုတ်ခရီးသွားတွေ သန်းနဲ့ချီ မလာနိုင်သေးပေမဲ့ သောင်းဂဏန်းလောက် လာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကလည်း ကျနော်တို့ မိတ်ဆွေခရီးသွားကုမ္ပဏီတွေအချင်းချင်း ပြောဆိုကြတဲ့အခါ တရုတ်နိုင်ငံက ခရီးသွားကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်ထဲလာဖို့ စုံစမ်းမေးမြန်းတာတွေ ရှိနေကြပြီလေ။ ဆိုတော့ အဲ့ဒီအခြေအနေတွေကို ကြည့်ပြီး ကျနော်တို့က ခန့်မှန်း ထားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်ထဲ တရုတ်နိုင်ငံသားခရီးသွားတွေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာဖို့က မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုမှာ ဖြေလျော့မှုတွေ လုပ်ပေးဖို့ လိုတယ်လို့ မြန်မာ့ခရီးသွားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“တရုတ်နိုင်ငံသားခရီးသွားတွေ မြန်မာပြည်ထဲ အလုံးအရင်းနဲ့ပြန်ဝင်လာဖို့က ချက်ချင်းလုပ်လို့တော့ မရသေးပါဘူး။ ဘာလို့လဲဆို ခရီးသွားကဏ္ဍလို့ ပြောလိုက်ရင် လေကြောင်းပျံသန်းမှုက အဓိကကျပါတယ်။ ဒါကြောင့် လေကြောင်းပျံသန်းမှုအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖြေလျော့မှုတွေ လုပ်ပေးဖို့ လိုပါသေးတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက မြို့ကြီး ၂ ခုကိုပဲ ပျံသန်းသာ ရှိပါသေးတယ်။ ဒါပေမဲ့ ကိုဗစ်မတိုင်ခင်ကဆိုရင် လေကြောင်းပျံသန်းမှုက ၁၀ ခုနီးပါး ရှိခဲ့တာပါ။ ပြီးတော့ စင်းလုံးငှားပျံသန်းမှုတွေလည်း ရှိခဲ့တယ်နော်။ အဲ့ဒါမျိုး အခြေအနေတွေ ပြန်ရပြီးမှ တရုတ်ခရီးသွားတွေက အများကြီး ဝင်လာကြမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ တဖက်မှာလဲ တရုတ်နိုင်ငံသားခရီးသွားတွေ မြန်မာနိုင်ငံထဲ အလုံးအရင်းနဲ့ဝင်လာပါက ကိုဗစ်-၁၉ ကပ်ရောဂါ နဲ့စပ်လျဉ်းပြီး ကျန်းမာရေးဌာနက အမြဲမပြတ် စောင့်ကြည့် ထိန်းချုပ်နိုင်ပါ့မလား ဆိုတဲ့ သံသယဟာ မြန်မာပြည်သူတွေ အကြားမှာ ရှိလာပါတယ်။

ကျန်းမာရေးဌာနနဲ့နီးစပ်တဲ့ ခရီးသွားလုပ်ငန်းရှင်တဦးက “ကျနော်နိုင်ငံအနေနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေအကြားမှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ကန့်သတ်ချက်က မြင့်မားနေတုန်းပဲ ရှိသေးတယ်။ ဒါကလည်း ကျနော်တို့အတွက် တခုခံသာသွားတယ်။ တချို့နိုင်ငံတွေဆိုရင် စစ်ဆေးစရာမလိုတော့ဘူး။ ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့လက်မှတ်တွေလဲ ပြစရာမလိုတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာက ဒါတွေ အကုန်ရှိသေးတယ်။ ပြီးတော့ ကျန်းမာရေးအာမခံ ဆိုတာလဲ ရှိသေးတယ်နော်။ ဘာလို့လဲဆို တကယ်လို့ တခုခု ဖြစ်ခဲ့လို့ရှိရင် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် ကျန်းမာရေးဌာနက ဒါကို ကန့်သတ်ထားတာပါ။ တခြားနိုင်ငံတွေမှာဆိုရင် အခု ကျန်းမာရေး အာမခံဆိုတာမျိုးလဲ မရှိတော့ဘူး။ သူတို့ကတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာနဲ့ပေါ့နော်။ ကျနော်တို့ ဆီမှာတော့ အထိုက်အလျှောက် ထိန်းချုပ်မှု ရှိနေသေးတဲ့အတွက် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်တယ်” လို့  ပြောပါတယ်။

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ထိုင်းအစိုးရက တရုတ်ခရီးသွား ဧည့်သည် လူ တသန်းခန့် ဝင်ရောက်ဖို့ မျှော်လင့်ထားပြီး လက်ရှိနေ့စဉ် တရုတ်ခရီးသွားတွေ ထောင်သောင်းချီ ဝင်ရောက်နေပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မတိုင်မီက မြန်မာနိုင်ငံထဲ တရုတ်နိုင်ငံသားခရီးသွားဧည့်သည်ဝင်ရောက်မှုက ၄ ဒသမ ၃ သန်းခန့် ဝင်ရောက်မှု ရှိခဲ့တဲ့အနက် နယ်စပ်ဒေသတွေကတဆင့် ဝင်ရောက်မှုဟာ ၁ ဒသမ ၉ သန်းခန့် ရှိခဲ့တယ်လို့ ခရီးသွားကုမ္ပဏီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013