DVB Logo
Home
မြန်မာသတင်း
မြန်မာလေတပ်ဗုံးကြဲမှု အိန္ဒိယမြေပေါ်ကျရောက်ပြီး နယ်စပ်နေပြည်သူများကိုထိတ်လန့်စေခဲ့
DVB
·
January 12, 2023
မြန်မာလေတပ်ဗုံးကြဲမှု အိန္ဒိယမြေပေါ်ကျရောက်ပြီး နယ်စပ်နေပြည်သူများကိုထိတ်လန့်စေခဲ့
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်မြေခြင်းကပ်နေတဲ့ ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ စခန်းကို မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်   အဲဒီဒေသက ရွာသားတွေ ထိတ်လန့်စိုးရိမ်မှုတွေကြုံခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ 

မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည် အနည်းဆုံး တစ်လုံးအိန္ဒိယဘက်အခြမ်းကိုကျရောက်ခဲ့ပြီး မြစ်ကမ်းအနီးက ထရပ်ကားတစ်စီးပျက်ဆီးခဲ့ရကြောင်း ချန်ဖိုင်ခရိုင်အာဏာပိုင်အရာရှိတစ်ဦးကပြောကြားခဲ့ပြီး အဲဒီ ဖြစ်ရပ်ကြောင့် လူသေဆုံးမှုတော့မရှိခဲ့ဘူးလို့  ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ ဒေသတွင်းမတည်ငြိမ်မှုကို ပိုမိုပေါ်လွင်ထင်ရှားစေတယ်လို့ India Express သတင်းကရေးပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နဲ့လည်း တင်းမာမှုတွေဖြစ်စေခဲ့ပါတယ်။ 

ချင်းပြည်နယ်အတွင်းမှာ တည်ရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် ဗစ်တိုးရီးယား စခန်းကို မြန်မာစစ်တပ်က ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းကနေစတင်ကာ ညအချိန်အထိ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။ မနေ့ကလည်း ဗစ်တိုးရီးယားစခန်းကို မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်ခဲ့လို့ ဆေးခန်းတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဗစ်တိုးရီးယား စခန်းနဲ့ ၂ ကီလိုမီတာ ကနေ ၅ ကီလိုမီတာကြား အကွာအဝေးမှာရှိတဲ့ မီဇိုရမ်ပြည်နယ်ထဲက ဖားခွမ်န်ရွာသားတွေဟာ စစ်တိုက်လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်သံတွေကြောင့် ထိတ်လန့်ခဲ့ကြရပြီး နယ်ခြားမျဉ်းပေါ်ကမြစ်ရဲ့ အိန္ဒိယဘက်အခြမ်း မြစ်ကမ်းမှာ အလုပ်လုပ်နေကြတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ သူတို့ရဲ့ အိမ်ကို အပြေးအလွှားပြန်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

နယ်မြေကျူးကျော်ပြီး လက်နက်ကျည်တွေကျရောက်ခဲ့တဲ့အပေါ် အိန္ဒိယအစိုးရဘက်ကတော့  တရားဝင်တုံ့ပြန်မှုမရှိသေးပါဘူး။ 

မြန်မာစစ်တပ်ကကြဲချလိုက်တဲ့ ဗုံးဟာ မြစ်ထဲကိုကျခဲ့တာဖြစ်ပြီး အိန္ဒိယစစ်တပ်က ကုန်းပေါ်ဆယ်ယူကာစစ်ဆေးအတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကျခဲ့တဲ့နေရာတစ်ဝိုက်ကို အာဆမ်ရိုင်ဖယ်တပ်ဖွဲ့တွေက စစ်ဆေးခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း ဗုံးကျခဲ့တဲ့ နေရာဟာ အိန္ဒိယဘက်အခြမ်းက မြစ်ကမ်းနဲ့ မီတာ ၃၀ ခန့်အကွာမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ဗုံးဒဏ်ကြောင့် အိန္ဒိယဘက်မြစ်ကမ်းမှာ ရပ်ထားတဲ့ မီဇိုရမ်ပြည်နယ်မှတ်ပုံတင် ထရပ်ကားတစ်စီးပျက်စီးခဲ့တာကိုလည်း မီဇိုရမ်ပြည်နယ်ဒေသခံအစိုးရရုံးက အတည်ပြုခဲ့ပါတယ်။ သူတို့က အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ ဆိုးရွားပြင်းထန်တဲ့ထိခိုက်မှု မရှိခဲ့ကြောင်း အဲဒီအရာရှိကပြောပါတယ်။

"ကျနော်တို့ စောင့်ကြည့်နေသလောက်တော့၊ သူတို့ ဗုံးကြဲတဲ့နေရာက စခန်းနေရာဆိုတော့ ဒီဘက်ကိုထွက်ပြေးလာတဲ့အရပ်သားများများစားစား မရှိပါဘူး” လို့ သူကပြောပါတယ်။

အဲဒီဒေသအနီးမှာ နေထိုင်တဲ့ မီဇိုလူငယ်အသင်း (YMA: Young Mizo Association) ရဲ့ ကိုယ်စားလှယ်က မနေ့က အခင်းဖြစ်ရာနေရာကို သွားရောက်ကြည့်ရှူ့ခဲ့ပြီး ဒေသခံရွာသားတွေဟာ ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ ပြောပါတယ်။

မနေ့ညနေ ၄ နာရီအချိန်မှာမှာလည်း လေကြောင်းကနေတိုက်ခိုက်တဲ့အသံကို နောက်ထပ် ၃ ကြိမ်ကြားခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တည်ထောင်ထားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အိန္ဒိယနိုင်ငံသားတစ်ဦးက“ ဗစ်တိုးရီးယားစခန်းမှာ ဆေးခန်းရှိနေတော့ နယ်စပ်တစ်လျှောက်မှာနေထိုင်ကြတဲ့ ဒီဘက်ကဖားခွမ်န်ရွာသားတွေကလည်း အဲဒီဘက်က မြန်မာဆရာဝန်တွေဆီမှာ ဆေးခန်းသွားပြကြတယ်။ အဲဒီမှာ ဆရာဝန်ကြည့်တဲ့အခန်းနဲ့ စောင့်ဆိုင်းတဲ့နေရာလေး ဆောက်ပေးထားတယ်။ အခုတော့အဲဒါလေး ပျက်စီးသွားပြီ“လို့ မြန်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က လူမဆန်သောလုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် ချင်းအမျိုးသားတို့ရဲ့ တော်လှန်ရေးစိတ်ဓါတ်ကို ပိုမိုခိုင်မာအားကောင်းလာစေတယ်လို့ ပြောပါတယ်။ 

“ဒီတိုက်ခိုက်မှုဟာ ကျနော်တို့ကို ပိုပြီး အားကောင်းလာစေပါတယ်။ ဒီမကောင်းဆိုးရွားကို ရင်ဆိုင်ဖို့ ကျနော်တို့ဟာ ပူးပေါင်းပြီး ခိုင်မာအားကောင်းနေကြရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မှန်ကန်တဲ့တိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေမှသာ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံမှာ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကိုရယူဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့ ချင်းလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဆာဆာက သူ့ရဲ့ လူမှုကွန်ရက်မှာရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013