DVB Logo
Home
မြန်မာသတင်း
တာမွေတွင် လူဦးရေစာရင်းကောက်သည့်အဖွဲ့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
January 11, 2023
တာမွေတွင် လူဦးရေစာရင်းကောက်သည့်အဖွဲ့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေ (ကခ) ရပ်ကွက်၊ ၁၆၂ လမ်းထဲက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူပြီး ခုံတွေသိမ်းနေတဲ့ လူအုပ်ထဲကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ လက်ပစ်ဗုံးနဲ့ သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA) ကနေ သိရပါတယ်။

ဒီကနေ့တိုက်ခိုက်မှုမှာ ရပ်ကျေးတွေ၊ စည်ပင်နဲ့ အိုးအိမ်က ဝန်ထမ်းတွေအပြင် ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေပါ ပါဝင်ကောက်ခံနေတာဖြစ်လို့ မစ်ရှင်ကို လျှော့ပေါ့ လုပ်ဆောင်ခဲ့တယ်လို့ FLA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီနေ့က သူတို့ မဲစာရင်းလာကောက်တဲ့အချိန် လုပ်မလို့ဆိုပေမဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ ခုံတွေသိမ်းနေတဲ့အချိန် ညနေပိုင်းကို လုပ်လိုက်တာပါ။ ဒါတောင် ဆရာမတွေ ပါတာတွေ့လိုက်လို့။ ဘက်မတူပေမဲ့ ကိုယ်တွေကို ပညာသင်ကြားပေးခဲ့တယ်ဆိုပြီး ကျနော်တို့ လျှော့လိုက်တာပါ။ ဒါကလည်း ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲ။ နောက်တခေါက်ဆို ပါဝင်ကောက်ခံနေသူ ဘယ်သူ့ကိုမဆို အားမနာတော့ဘူး။”

အခုလိုတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို မသိရသေးပေမဲ့ ရပ်ကွက်ထဲ ကျယ်လောက်တဲ့ အသံတခု ကြားခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ လှည့်ကင်းကားတွေ ပတ်နေတယ်လို့ အဆိုပါရပ်ကွက်အနီး နေထိုင်သူက ပြောပါတယ်။

“‌ညနေအစောပိုင်းလောက်က အသံကျယ်ကျယ်တခု ကြားလိုက်တယ်။ မဲစာရင်းကောက်တာ ကျနော်တို့လမ်းထဲတော့ မဟုတ်ဘူး၊ မလာသေးဘူး။ ဒါပေမဲ့ အခု စစ်ကားတွေ ရဲကားတွေ ကင်းလှည့်နေတာတော့ ရှိတယ်။”

မြို့ပြတိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်သွားမှာဖြစ်ပြီး မဲစာရင်း‌ကောက်ယူရာမှာ ဦးဆောင်နေသူတွေနဲ့ ပါဝင်ကူညီသူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

FLA တာဝန်ရှိသူက “လိုက်ကောက်ယူနေတဲ့သူတွေကို ပြောချင်တာက မလုပ်ရဲပါဘူးကွာ၊ သူတို့ အာချောင်နေတာဆိုပြီး စိန်မခေါ်မိစေနဲ့။ တော်လှန်ရေးပြီးတဲ့အထိ စခတွေက အနားနေနိုင်တာမဟုတ်ဘူး။ ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်ကြဖို့တော့ လိုတယ်။ စခတွေတောင် သူ့ဟာသူ ဘန်ကာထဲ ပုတီးစိတ်လိုစိတ်၊ DC မှာတောင် လူအပြည့်မပါဘဲ သွားရဲတာမဟုတ်ဘူး။ အဲဒါကြောင့် အုပ်ကြီးနဲ့ အပေါင်းအပါတွေ သိပ်အာမချောင်ကြနဲ့လို့ ထပ်ပြောချင်ပါတယ်” လို့ ထပ်မံသတိပေး‌ ပြောပါတယ်။

ဒီနေ့တိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA), Revolution of 21 Century အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့ဝင်‌တွေ အထိအခိုက်မရှိကြောင်းလည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013