
စစ်အာဏာရှင်ရုံးစိုက်ပြီး လုံခြုံရေးတင်းကျပ်တဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ မပေါက်သေးတဲ့ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေက ပြောပါတယ်။
သြဂုတ် ၅ ရက် မနက် ၇ နာရီကျော်လောက်က ဒက္ခိဏသီရိမြို့နယ်၊ ကျီးသဲလေးထပ်၊ ပညာရေးစင်တာ ဘုန်းတော်ကြီးကျောင်းရဲ့ မုခ်ဦးအဝရှိ တံခါးရဲ့အရှေ့မှာ မပေါက်ကွဲသေးတဲ့ MG-1 အမျိုးအစား လက်ပစ်ဗုံး ၁ လုံးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “သံဃာတွေနဲ့ ကိုရင်တွေက သန့်ရှင်းရေးလုပ်နေတုန်း ဗုံးကို တွေ့တာ။ ဗုံးက မပေါက်သေးတဲ့ ဗုံးဆိုတာသိတော့ ဘာမှမလုပ်ဘဲ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ” လို့ ပြောပါတယ်။
တွေ့ရှိတဲ့ လက်ပစ်ဗုံးကို စစ်အာဏာရှင်တပ်ရဲ့ မိုင်းရှင်းလင်းရေး(အထူး)အဖွဲ့က လာရောက်ဖယ်ရှား ရှင်းလင်းပေးခဲ့ပြီး အနီးတဝိုက်ကို လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လက်ပစ်ဗုံးတွေ့ရှိတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ဘုန်းတော်ကြီးကျောင်းဟာ စစ်အာဏာရှင်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ မကြာခဏ လာရောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။










