DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နယ်စပ်ဂိတ်ကို အများဆန္ဒနှင့်အညီ ယာယီပိတ်ထားခြင်းဖြစ်ဟု ကုန်သည်များပြော
DVB
·
January 11, 2023
ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နယ်စပ်ဂိတ်ကို အများဆန္ဒနှင့်အညီ ယာယီပိတ်ထားခြင်းဖြစ်ဟု ကုန်သည်များပြော
Donate to DVB

တရုတ်အစိုးရ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်လိုက်ပေမဲ့ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့အညီ ဆုံးဖြတ်ထားတယ်လို့  မူဆယ်မြို့နေ ကုန်သည်တွေက ပြောပါတယ်။

တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ နယ်စပ်ဂိတ်ပေါက် ၄ ခုကို ဇန်နဝါရီ ၈ ရက်နေ့ကစပြီး တပြိုင်တည်းဖွင့်လှစ်မည့်အကြောင်း မြန်မာဘက် တာဝန်ရှိသူတွေထံ ဇန်နဝါရီ ၂ ရက်နေ့က စာပို့ အကြောင်းကြားလာပါတယ်။

ဒါပေမဲ့ တရုတ်ဘက်မှာ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့ အညီ မြန်မာကုန်သည်တွေက စည်းဝေး ဆုံးဖြတ်ခဲ့ပါတယ်။

အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မူဆယ်မြို့နေ ကုန်သည်ကြီးတဦးက “မြန်မာပြည်ဘက်က တာဝန်ရှိတဲ့ သူတွေ အပါအဝင် ကုန်သည်တွေနဲ့ ပြည်သူတွေက ဇန်နဝါရီ ၇ ရက်နေ့မှာ နယ်စပ်ဂိတ် ဖွင့်ဖို့ မဖွင့်ဖို့အတွက် အစည်းအဝေးတခု လုပ်ခဲ့ကြတယ်။ အစည်းအဝေးမှာ ဘာဆုံးဖြတ်ခဲ့လဲဆို  ရွှေလီမှာ နေထိုင်တဲ့ လူဦးရေ ၈၅ ရာခိုင်နှုန်းက ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်။ အဲ့တော့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဂိတ်ဖွင့်လိုက်မယ်ဆိုရင် ဖွင့်လိုက်တာနဲ့ လူက ထောင်နဲ့ချီပြီး အဝင်အထွက်က ရှိလာတော့မယ်။ ဝင်လာတဲ့ ဒီလူတွေကို ကိုဗစ် ရှိ မရှိ ဘယ်လို စစ်မလဲ။ ပြီးတော့ ဘာတွေ ကြိုတင်ကာကွယ်မှုတွေ လုပ်မကြလဲ။ ဘာတွေ ပြင်ဆင်ထားကြသလဲ ဆိုတော့ ကျနော်တို့ဘက်မှာ ဘာမှ မပြင်ဆင်ရသေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အလုံအလောက် မရှိဘူး။ အဲ့တော့ ထိထိရောက်ရောက် ဘယ်လို စစ်ဆေးကြမလဲ။ ဒီအကြောင်းကြောင်းတွေကြောင့် ကျနော်တို့က ကျန်းမာရေးကို ရှေးရှုပြီးတော့ နယ်စပ်ဂိတ်ကို ယာယီ ဆက်လက် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကိုလည်း တရုတ်နိုင်ငံဆီ အကြောင်းကြားထားပြီး ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်အစိုးရက မူဆယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ကို လပေါင်း အတန်ကြာ ပိတ်ထားခဲ့တဲ့ အကျိုးဆက်ကြောင့် မူဆယ်မှာ အလုပ်လက်မဲ့ဦးရေ များစွာ ရှိခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အလုပ်အကိုင် ရရှိဖို့ထက် ကျန်းမာရေး ပြဿနာက ဦးစားပေး အဆင့်ဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်များအသင်းက မှတ်ချက်ပေးပါတယ်။

“မူဆယ်မှာ ရှိတဲ့သူတွေက တဘက်နိုင်ငံ ရွှေလီမြို့ကို မှီခိုပြီး အလုပ်လုပ်နေကြရတာ။ တကယ်လို့ မူဆယ်ဂိတ်ကို ဖွင့်လိုက်လို့ရှိရင် မူဆယ်ကနေ တနေ့ကို ရာနဲ့ချီတဲ့ အလုပ်သမားတွေက တဘက်နိုင်ငံ ရွှေလီမြို့ဆီ ထွက်ကြမှာလေ။ ဘာလို့လဲဆိုတော့ တရုတ်ဘက်က ပြီးခဲ့တဲ့ ၃၊ ၄လ လောက်က ပိတ်လိုက်ကတည်းက အလုပ်လက်မဲ့တွေ ဒီမှာ ဖြစ်နေ ကြတာ။ အဲ့တော့ တဖက်မှာ မြန်မာဘက်က ဂိတ်ကို ဖွင့်လိုက်လို့ ရှိရင် ဒီလူတွေက အလုပ်တော့ ပြန်ရမယ်။ ဒါပေမဲ့ ကျန်းမာရေးအရ ဆိုးဆိုး ဝါးဝါး ဖြစ်လာခဲ့လို့ ရှိရင် ဘယ်လိုလုပ်ကြမလဲ။ မူဆယ်မှာ လက်ရှိအခြေအနေက ကိုဗစ်နဲ့ ပတ်သတ်ပြီး ဇီးရိုး အဆင့်ပဲရှိတာလေ။ တကယ်လို့ ဖွင့်လိုက်တာနဲ့ တပတ်အတွင်းမှာ မူဆယ်မြို့ တမြို့လုံး ပြန့်သွားမှာ။ ဒါကြောင့် ဂိတ်မဖွင့်ရခြင်း ဖြစ်တယ်။ ဂိတ်တွေပိတ်ထားတော့ စီးပွားရေးရှုထောင့်အရ ကြည့်ရင်တော့ နစ်နာတာပေါ့။ ကျနော်တို့ မူဆယ်ဘက်အခြမ်းက မန့်ဝိန်းဂိတ် တခုတည်းတင် ကုန်တင်ကား အစီးရေ ၄၀၀ နဲ့ ၅၀၀ နေ့စဉ် အဝင်အထွက် ရှိတာနော်။ ကိုဗစ်ဖြစ်ခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက အဲ့ဒီဂိတ်ကို ပိတ်ထားခဲ့တာ ကုန်သွယ်မှုက တဝက်လောက် ထိုးဆင်းသွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁၂ သန်း  ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆၃ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏဟာ ထက်ဝက်ခန့် လျှော့ကျမှုရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013