DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင်ကုမ္ပဏီ လုပ်ငန်းပြန်စရန်ပြင်ဆင်နေ၊ လက်ပံတောင်းတောင်ဒေသကို စစ်တပ်က နယ်မြေထိန်းချုပ်ရန် ကြိုးစား
DVB
·
January 11, 2023
ဝမ်ပေါင်ကုမ္ပဏီ လုပ်ငန်းပြန်စရန်ပြင်ဆင်နေ၊ လက်ပံတောင်းတောင်ဒေသကို စစ်တပ်က နယ်မြေထိန်းချုပ်ရန် ကြိုးစား
1 / 2
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီက မတ်လထဲမှာ ပြန်လည်ပတ်ဖို့ ပြင်ဆင်နေသလို စစ်ကိုင်းတိုင်း၊  ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက နယ်မြေထိန်းချုပ်ဖို့ တကျော့ပြန် ကြိုးစားနေပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဇုန် လယ်မြေနေရာတွေအတွက် ဒေသခံပြည်သူတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ အကြိမ်ကြိမ် ပြဿနာတွေ ဖြစ်ပွားခဲ့ကာ စစ်အာဏာသိမ်းပြီးချိန်မှာတော့ နယ်မြေလုံခြုံရေး မတည်ငြိမ်တာကြောင့် ဝမ်ပေါင်ကုမ္ပဏီက လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အကြိမ်ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပေမဲ့ နိုင်ငံခြားသားကုမ္ပဏီ ဝမ်ပေါင်ကို မတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အစည်းအဝေးတွေမှာ တားမြစ်ခဲ့ပါတယ်။ 

NUG နဲ့ PDF တွေဘက်က စည်းထားခဲ့ပေမဲ့ စစ်ကောင်စီကတော့ ဇန်နဝါရီ ၆ ရက်နေ့မှာ စီမံကိန်းအနီးနားက ကျေးရွာ ၄ ရွာမှာ အိမ်ခြေရာနဲ့ချီ မီးရှို့ဖျက်ဆီးပြီး နယ်မြေထိန်းချုပ်ရေး ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ စွမ်းသူမောင်က “၃ လပိုင်းကို တရုတ်ဝမ်ပေါင်က အလုပ်လည်ပတ်မယ်လို့ ကြားတယ်။ အဲ့ဒီအတွက်ကြောင့် သူတို့က နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ထင်တာပဲ။ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သေချာတယ်။ ဒါပေမဲ့လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဝမ်ပေါင်ကို မလုပ်ပါနဲ့လို့ တားမြစ်ထားတော့ ငါတို့က အလုပ်လုပ်ရတာ ခက်တယ်ကွ။ တားမြစ်တာကိုလုပ်ရင် ငါတို့က အရေးယူခံရမယ်။ ပြည်သူမုန်းတာခံရမယ်။ တချို့ဆို ပျူရွာတွေမှာ ပကဖ ပအဖတွေက မလုပ်ပါနဲ့ဦး၊ မလုပ်ပါနဲ့ဦး ပြောနေရင်းက ရွာတရွာကနေ သုံးလေးရွာဖြစ်သွားပြီကွာ။ တို့အလုပ်လုပ်ရတာ အင်မတန်ခက်ခဲတယ်။ ဝမ်ပေါင်ဆိုရင်လည်း ငါတို့ သာလွန်တဲ့အင်အားတွေနဲ့ လုပ်လို့ရတယ်။ ဒါပေမဲ့ NUG က မလုပ်ပါနဲ့၊ ဝန်ကြီးဦးရည်မွန်ကိုယ်တိုင်က အစည်းအဝေးမှာ တားမြစ်ထားတာဆိုတော့ တို့အလုပ်လုပ်ရတာခက်တယ်။ ၃ လပိုင်းမှာတော့ တရုတ်က ပြန်လည်ပတ်မယ်လို့ ကြားတယ်။ နယ်မြေထိန်းချုပ်ရေးအတွက် ပြည်သူကို အကြောက်တရားနဲ့ မီးရှို့နေတယ်လို့ထင်တယ်။ ကျောက်ဖြူတိုင်ရွာဆိုတာလည်း ဝမ်ပေါင်နဲ့ တရွာပဲခြားတယ်။ မိုးကြိုးပြင်ရွာဆိုလည်း တရွာမှမခြားဘူး။ လောက်စာလုံးနဲ့ပစ်ရင် တပစ်စာပဲရှိတယ်” လို့ ပြောပါတယ်။

မြန်မာ့တော်လှန်ရေးကို နိုင်ငံတကာမျက်နှာစာမှာ တရုတ်ဘက်က အကြမ်းဖက်သဏ္ဌာန် ပုံဖော်လာနိုင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မတိုက်ခိုက်ဖို့ တားမြစ်ခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီကတော့ အကြမ်းဖက် ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဒေသခံတွေကို အကြမ်းဖက်ရာမှာ ဝမ်ပေါင်ကုမ္ပဏီဝင်းကို တပ်စွဲအခြေချပြီး ပြုလုပ်နေတာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက် ညပိုင်းမှာလည်း ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကနေ တုံရွာဘက်ကို စက်သေနတ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အနီးနားကျေးရွာ ၇ ရွာက ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်နေရပါတယ်။

ဆားလင်းကြီးဒေသခံတဦးက “စစ်ကောင်စီရဲ့ ယုတ်မာမှုကြောင့် အညာမှာ မီးတွေ တောက်လောင်နေပါပြီ။ လာကြည့်ကြပါဦး။ တချို့လူတွေ အိမ်ပြန်စရာနေအိမ် မရှိတော့ပါဘူး။ နေနိုင်တဲ့သူတွေ နေကြပါ။ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေဟာ ပြည်သူများ မြင်တွေ့တဲ့အတိုင်းပါပဲဗျာ။ ခုကြည့်နေတဲ့သူတွေ ပျော်ပါးနေတဲ့သူတွေ ကြည့်ပါ။ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေ ပြည်သူများမြင်အောင်ကြည့်ပါ။ မီးက လုံးဝမနိုင်ဘူး ဖြစ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လာရောက်ငြှိမ်းသတ်ပေးနေကြပါတယ်။ စစ်ကောင်စီရဲ့ မတရားယုတ်မာမှု၊ ဘယ်လောက် စိတ်ဓာတ်အောက်တန်းကျသလဲဆို ပြည်သူတွေရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာပါ” လို့ ပြောပါတယ်။

ဆာလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်းနဲ့ ဝမ်ပေါင်ကုမ္ပဏီကို အကာအကွယ်ပေးဖို့အတွက် စစ်ကောင်စီဟာ ဒေသခံတွေကို အကြိမ်ကြိမ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ၂၀၂၁ ခုနှစ်အတွင်းမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတွေပါ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ ၆ သိန်းကျော်လောက်ဟာ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013