DVB Logo
Home
မြန်မာသတင်း
မြဝတီ-မဲဆောက် နှစ်နိုင်ငံချစ်ကြည်ရေးတံတား ပြန်ဖွင့်မည်ဟု ထိုင်းဘက်က ထုတ်ပြန်
DVB
·
January 10, 2023
မြဝတီ-မဲဆောက် နှစ်နိုင်ငံချစ်ကြည်ရေးတံတား ပြန်ဖွင့်မည်ဟု ထိုင်းဘက်က ထုတ်ပြန်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ မြဝတီ-မဲဆောက်ကြားရှိ ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဇန်နဝါရီလ ၁၂ ရက် မနက်မှာ ပြန်လည်ဖွင့်လှစ်မယ်လို့  မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။ 

တံတားပြန်ဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၆ ရက်နေ့က တာ့ခ်ခရိုင်ဝန်က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကို ဗွီဒီယိုကွန်ဖရင့်အစည်းအဝေး ခေါ်ဆိုခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးမှာ ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ဒီဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်မယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ မဲဆောက်မြို့နယ်မှူး နိုင်းဆုမ်ချိုင်း တလိုင်းထိပ်ချတ်ဆကွန်း လက်မှတ်ထိုးပြီး ဇန်နဝါရီလ ၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့စာထဲမှာ ဖော်ပြတယ်။

တံတားပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနား တက်ရောက်ဖို့အတွက် မဲဆောက်မြို့နယ်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေအနေနဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီခွဲမှာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ  သောင်ရင်းမြစ်ကမ်းနံဘေးမှာ လာရောက်စုရုံးကြဖို့ ညွှန်ကြားထားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်ဖို့ ထိုင်းဘက်ခြမ်းက အကြိမ်ကြိမ်ပြင်ဆင်ပြီး ဖွင့်မယ့်အကြောင်း ပြောခဲ့ပေမယ့် မြန်မာဘက်က မဖွင့်တာကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ခုတခေါက်လည်း နှစ်ဖက်စလုံး တကယ်ဖွင့်၊ မဖွင့်ကို ဖွင့်ပွဲနေ့မှ စောင့်ကြည့်ရမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“အမှတ် ၁ ချစ်ကြည်ရေးတံတားပြန်ဖွင့်ဖို့ကို ထိုင်းဘက်ခြမ်းက အုပ်ချုပ်ရေးဌာန၊ လဝကရဲ၊ အကောက်ခွန်၊ ပြည်သူ့ကျန်းမာရေးဌာန၊ စည်ပင်ဌာ နစသဖြင့် ပူးပေါင်းပြီး ပြင်ဆင်နေတာ ခဏခဏပါပဲ။ လက်ခုပ်တဖက်တည်း တီးနေတာတော့ ကြာပါပြီ။ ဘယ်တော့ လက်ခုပ် နှစ်ဖက်တီးမလဲဆိုတာ မသိပါဘူး။ မြဝတီဘက်ခြမ်းက ပြည်သူတွေလည်း မျှော်လင့်နေကြတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်ဘက်က ထုတ်ပြန်တာတွေ မတွေ့သေးဘူး၊ အဲဒါကြောင့် သူတို့ပြောတဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကိုပဲ စောင့်ကြည့်ရမယ်၊ အဲဒီတော့မှ ဖွင့်ရင်လည်းဖွင့်ပြီပေါ့ခင်ဗျာ။”

ကိုဗစ်-၁၉ ကပ်ရောဂါဆိုက်ရောက်မှုကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ ကို ပိတ်ထားခဲ့တဲ့ ၃ နှစ်တာကာလအတွင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကျဆင်းနေလို့  စီးပွားရေးပြန်လည်ဦးမော့လာဖို့ ထိုင်းဘက်ခြမ်းက တံတားပြန်ဖွင့်ဖို့ အကြိမ်ကြိမ်  ကြိုးစားနေတာ ဖြစ်ပါတယ်။

ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ ရက်နီးလာတဲ့ အခါတွေမှာ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီဘက်မှာ လက်သည်မပေါ်တဲ့ ဗုံးကွဲမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ 

Ref- SiamRath

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013