DVB Logo
Home
Lead Story
ရွေးရခက်ခဲ ဆုပေးပွဲ (သရော်စာ)
DVB
·
January 8, 2023
ရွေးရခက်ခဲ ဆုပေးပွဲ  (သရော်စာ)
Donate to DVB

တနေ့သ၌ သတင်းသမားလေး အကျွန်ုပ် မောင်ရေအေး ခိုအောင်းနေထိုင်ရာ မြို့နယ်လေးအတွင်း စိတ်အညောင်းပြေစေရန် စီးတော်ယာဉ် ဆူပါကပ် ဖွတ်ချက်ဖွတ်ချက်လေးဖြင့် ခြေစကြာဖြန့်လာခိုက် 

"ကိုရေအေး .... ဗျို့ ..... ကိုရေအေး"

လက်ခုပ်တီးသံနှင့်အတူ နာမည်ကိုပါ အော်ခေါ်သံ ကြားလိုက်ရသည်မို့ လည်ပြန်ကြည့်မိလေ၏။ 

ဘေးအိမ်မှ ကိုတတ်ပပါတကား။ ၎င်း၏ ဘေးတွင်မူ ကျောင်းအုပ်ဆရာ အငြိမ်းစား လူပျိုကြီး ကိုဟန်တင်။ သူတို့သည် ခြံဝန်းလွတ်တခုအတွင်း ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်၏ ထောင့်စွန်းစားပွဲ၌ ထိုင်နေကြလေ၏။ သို့နှင့် အကျွန်ုပ်လည်း ဖွတ်ချက်ဖွက်ချက်လေးကို အသာကွေ့ကာ လက်ဖက်ရည်ဆိုင်ဘက်သို့ ဦးတည်လိုက်ရတော့သည်။

လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် ခြံဝင်းကား အခြားမဟုတ်။ မြို့နယ်လေး၏ လူမှုကူညီရေးအသင်းတည်ရှိပြီး အသင်းပိုင် ကားများထားရာ ခြံဝင်းပင်တည်း။ မအလ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် ၎င်း၏ မယားပါသားများကလည်း လူမူကူညီရေးအသင်းအဖွဲ့ဟူသမျှကို မွှေနှောက်ရှာဖွေ၊ ကားများကို ယူငင်သွားသဖြင့် အသင်းများ၏ လုပ်ငန်းဆောင်တာများ ရပ်တန့်ထားကြရသည်ဖြစ်ရာ ဤအသင်းလည်း အလုပ်လက်မဲ့စာရင်းဝင်သွားပြီးနောက် ယခု လက်ဖက်ရည်ဆိုင်အဖြစ် အသွင်ပြောင်းသွားရခြင်း ဖြစ်လေ၏။ 

ရုပ်ဝတ္ထုပစ္စည်းများသာ အသွင်ပြောင်းသည်မဟုတ်။ မအလ လက်ထက် ရွှေပြည်ကြီး၌ သင်္ကန်းဝတ်ဘုန်းကြီးက သေနတ်ကိုင် ပျူခေါင်းဆောင်လုပ်၊ CDM ကျောင်းဆရာမက မုန့်ဟင်းခါးရောင်း၊ ဆရာဝန်က တောခို အမျိုးမျိုး အဖုံဖုံ ကပြောင်းကပြန် ဖြစ်နေကြလေ၏။ ဆိုးလေစွတကား။ 

"လာဗျို့ ... ဆရာရေအေး၊ အဖန်ရည်လေး တည်းသွားစမ်းပါဦး"

ဆိုင်ကယ်ပေါ်က ဆင်းအပြီး ၎င်းတို့ စားပွဲနား ရောက်သည်နှင့် ကျောင်းအုပ်ကြီး ကိုဟန်တင်က ဖိမန္တက ပြုသဖြင့် အကျွန်ုပ်လည်း ဝင်ထိုင်လိုက်ရချေ၏။ 

"ခင်ဗျားတို့နှစ်ယောက်က ဘယ်ကဘယ်လို ဆုံဖြစ်ကြတာလဲ"

"ဒီကောင် တတ်ပ၊ ကျုပ်အိမ်ရောက်လာလို့ လက်ဖက်ရည်သောက်ရအောင်ဆိုပြီး ဒီဘက်ထွက်လာကြတာဗျ၊ ဒါနဲ့ ဆရာအေးကရော ဘယ်က ပြန်လာတာတုန်း။"

"စိတ်ညောင်းလာလို့ အပျင်းပြေ ဆိုင်ကယ်ပတ်စီးတာပါဗျာ၊ ဘယ်ရယ်လို့တော့ မဟုတ်ပါဘူး။"

"မသိပေါင်ဗျာ၊ ဆရာအေး နေပြည်တော်က မအလ ပေးတဲ့ ဘွဲ့တံဆိပ်တော်တွေ ယူပြီး ပြန်လာတာများလား"လို့ ဆေးပေါ့လိပ်တိုကို မီးထပ်ညှိကာ ဖွာရှိုက်ရင်း ကိုတတ်ပက ကလိတော့သည်။ 

အကျွန်ုပ်လည်း ရေနွေးငဲ့ရင်း "နေစမ်းပါဗျာ ..... မသာလောင်းက ပေးတဲ့ဘွဲ့အပေါင်း မယူကောင်းတဲ့ဗျ၊ မှတ်ထား" ဟု တုံ့ပြန်လိုက်ရာ ကိုတတ်ပ တဟားဟား ရယ်လေ၏။

"ဖာခေါင်း ဘွဲ့ပေး၊

သေသူမှန်သမျှကို ဂုဏ်ပြု

ဘုန်းကြီးရဲ့ အလေးပြုခံ

သမ္မတ အယောင်ဆောင် ဆင်မြန်း

စင်ပေါ်က လက်ဝှေ့ယမ်း

(-) သရမ်းတို့ ဥသျှောင်

ခေါကြူမ လင်တော်မောင်ရဲ့ ဘုံးပေါလအော ဘွဲ့က မင့်ယူရမှာဟ၊ တတ်ပရ"

ဘယ်အချိန်ကတည်းက တွယ်ချင်နေမှန်းမသိသော ကိုဟန်တင်က ကိုတတ်ပကို စကားဖြတ်ကာ စာချိုးပေချိုးဖြင့်  အုပ်လိုက်လေ၏။ 

"နို့ .... နေပါဦး ဖာခေါင်း ဘွဲ့ပေး၊ ဘုန်းကြီး အလေးပြုခံဆိုတာက ဘာလဲ ကျောင်းဆရာရဲ့"

ကိုတတ်ပ မေးခွန်းမှ မဆုံးသေး ကိုဟန်တင်က မျက်လုံးတချက် ဝင့်ကြည့်ရင်း

"မင့်မလည်း မင့်သိချင် တတ်ချင်ရင်လည်း နှစ်ယောက်မရှိ။ မှတ်ထား၊ ဖာခေါင်းဘွဲ့ပေးဆိုတာက ဟိုကောင် စွေစောင်းက ဖာခေါင်းပဲ။ သူတို့ မဘသဂိုဏ်းသားဟောင်း ဟိဏ်းဝေယံက ဖော်ထုတ်ရေးသားပြီးသားပဲ။ ဘုန်းကြီး အလေးပြုခံဆိုတာက ဝီရသူလို ဘုန်းကြီးတွေရဲ့ ဦးညွှတ်အရိုအသေပြုတာကို ခံချင်လို့ သာသနာရေးဆိုင်ရာ ဘွဲ့ကို မဆက်ကပ်ဘဲ ဆွဲပြားကြိုးကြီး ဆွဲပေးတာကို ပြောတာ။ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ကပ်ရင် အောက်ကနေ ဒူးထောက်ကပ်ရမှာကိုး၊ ကြိုးကြီး လည်ပင်းချိတ်ပေးတော့ ခေါင်းငုံ့ယူရတယ်မို့လား၊ အဲ့ဒါ ဘုန်းကြီးတွေရဲ့ အလေးအမြတ်ပြု ဦးညွတ်ခြင်းကို မအလ ဓာတ်နည်းနဲ့ အရယူသွားတာကွ၊ မှတ်ထား။"

"ဟားဟားးးး၊ ဆရာဟန်ပြောမှပဲ သဘောပေါက်တော့သဗျား၊ ဟားဟားးး... ခုမှပဲ စိတ်ညောင်း ပြေတော့သဗျို့။"

အကျွန်ုပ်လည်း အသံထွက်အောင် ဟားတိုက် ရယ်မိချေ၏။ အကျွန်ုပ်နှင့်အတူ ရယ်မောနေသော ကိုတတ်ပသည် မျက်နှာကို တချက်တည်လိုက်ကာ "နို့... ဒါနဲ့ ဆရာအေးမှာ ဆောင်းပါးပေါင်းချုပ် စာအုပ်ထုတ်ထားတာလေး ဘာလေးမရှိဘူးလား၊ ရှိရင် ပွဲစဉ်ချောင်တုန်း ဝင်နွှဲလိုက်ပါလား" ဟူ၍ အကျွန်ုပ်ဘက် စကားလှည့်ပြန်လေသည်။ ကိုတတ်ပစကားကို နားမလည် အကျွန်ပ် ကြောင်အမ်းအမ်းဖြစ်နေစဉ် လူပျိုကြီး ကိုဟန်တင်က ဝင်ပြောလေ၏။

"ဒီလို ဆရာအေးရေ့၊ အခု မအလရဲ့ ဘုံးပေါလအော ဘွဲ့တွေ ပေးအပြီး ထပ်ပေးရမယ့် ဆုကြီးတွေ ကျန်သေးသဗျာ"

"ဘာဆုလဲဗျ"

"အမျိုးသားစာပေဆုလေ၊ အဲ့ဒီအကြောင်း တတ်ပက စကားခင်းနေတာပဲ ဆရာအေးရေ့"

ကိုတတ်ပကား တဟီးဟီးရယ်ရင်း သူခင်းထားသော စကားကို သူလင်းချေပြီ။

"၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုတွေ ချီးမြှင့်တော့မှာတဲ့ အမျိုးသားစာပေဆု အမျိုးအစားက ဘာသာရပ်အလိုက် (၁၉) မျိုးရှိတယ်တဲ့၊ အဲ့ဒါ ၂၀၂၂ ခုနှစ် အမျိုးသားစာပေဆုအတွက် ယှဉ်ပြိုင်ဖို့ စာအုပ်ပေးပို့ထားတာက (၈) မျိုးရှိသတဲ့ဗျာ။"

"ဟိုက်.... သူ့မေကလွှား၊ အတော်ရွေးရခက်မှာပါလား၊ ဘာတဲ့ ဆုရွေးချယ်မှာက (၁၉) မျိုး၊ ယှဉ်ပြိုင်လာတာက (၈) မျိုး၊ ကျန်တဲ့ (၁၁) မျိုးက ဘယ်သူ့ပေးမှာတုန်း။"

ဆရာဟန်က အာမေဋိတ်သံ ဟ လေပြီ။ 

အကျွန်ုပ်လည်း "အိုဗျာ၊ ကျန်တာတွေက သီရိ‌ဘောချီ လဒူ စွေစောင်းရဲ့ ခြင်ထာင်ထဲက တောက်ခေါက်သံစာအုပ်တို့၊ ဝီဝီရဲ့ ဘောပျောက်မှာ စိုးကြောက်စရာတို့လို စာအုပ်တွေကို ပေးမှာပေါ့ဗျာ၊ ဟုတ်ပလား၊ ဒါမှ အကြားအလပ်မရှိတဲ့ အမျိုးသားစာပေဆုပေးပွဲကြီး ဖြစ်သွားမှာကိုး" ဟူ၍ ဖြေရှင်းပေးလိုက်ရာ ဆရာဟန်နှင့် ကိုတတ်ပတို့ အတောမသတ် ရယ်မောကြလေသတည်း။

အညာတမာ ကလိသည်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013