DVB Logo
Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်ရုံး ပိတ်လိုက်သဖြင့် ရခိုင်ပြည်နယ်မှ ပြည်ပထွက်မည့်သူများ အခက်တွေ့
DVB
·
January 3, 2023
နိုင်ငံကူးလက်မှတ်ရုံး ပိတ်လိုက်သဖြင့် ရခိုင်ပြည်နယ်မှ ပြည်ပထွက်မည့်သူများ အခက်တွေ့
1 / 2
Donate to DVB

စစ်ကောင်စီက တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးတွေကို ဇန်နဝါရီ ၂ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်တဲ့အတွက် အလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်ပြည်နယ်ကနေ ပြည်ပထွက်ခွာ အလုပ်ရှာဖွေကြသူတွေ အခက်တွေ့နေပါတယ်။

ရခိုင်ဒေသမှာ စက်ရုံ၊ အလုပ်ရုံ နည်းပါးပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံ ဖူခက်မြို့မှာ အလုပ်သွားလုပ်ဖို့ Passport for Visit (PV) လျှောက်ထားတဲ့ လူငယ်တဦးက အခက်အခဲတွေကို အခုလို ပြောပါတယ်။

“အခက်တွေ့သွားတာပေါ့ဗျာ။ ကျနော်တို့ သွားမယ်ဆိုပြီး ဟိုဘက်ကချိတ်ထားတဲ့ အလုပ်က ရက်ရွှေ့လို့ရတဲ့ အလုပ်ရှိသလို ရက်ရွှေ့လို့မရတဲ့ အလုပ်တွေလည်း ရှိတယ်။ ကာယကံရှင်တွေပဲ နစ်နာတာပေါ့။ အခုအခြေအနေက ဘယ်နေ့ ရုံးဖွင့်မလဲဆိုတာ သူတို့ဘက်က အတိအကျ မပြောနိုင်ကြဘူး။ အဲဒါကြောင့် ကျနော့်အပြင် ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေ အများကြီး နစ်နာမှုရှိနေကြတယ်။ သူတို့ဘက်က ဘာမှ အာမခံချက် မပေးနိုင်ကြဘူးလေ။ ကျနော်တို့ဘက်က အများကြီးနစ်နာမှု ရှိနေတာပေါ့နော်။ အဲဒါကြောင့် ပြည်သူတွေဘက်ကို တာဝန်ရှိသူတွေအနေနဲ့ စဥ်းစားပေးစေချင်တယ်။”

ရခိုင်ပြည်နယ်မှာ စက်ရုံ၊ အလုပ်ရုံ မရှိသလောက် နည်းပါးနေပြီး အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေပို့ပေးနေကြတဲ့ တရားဝင် ဖွင်လှစ်ထားတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ပြည်ပထွက်ခွာပြီး အလုပ်သွားလုပ်ဖို့ Passport for Job (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ လူငယ်တဦးက “ရခိုင်မှာ စက်ရုံ၊ အလုပ်ရုံတွေ ဘာမှမရှိတော့ ကျနော်တို့ ဘာအလုပ်ကို သွားလုပ်ရမလဲ။ မိဘတွေမှာ လယ်ယာမြေတွေရှိရင်တော့ မိဘအလုပ်တွေကို လုပ်လို့ရတယ်လေ။ မိဘတွေမှာ လယ်ယာမြေတွေ မရှိတဲ့သူတွေကတော့ နိုင်ငံခြားကိုထွက်ပြီး အလုပ်သွားနေကြရတာ။ သူများနိုင်ငံမှာ ဘယ်သူကသွားပြီး ကျွန်ခံချင်ပါမလဲ့ဗျာ။ ဒါပေမဲ့ မသွားချင်ရင်လည်း သွားနေကြရတယ်။ နိုင်ငံခြားကိုသွားတယ် ဆိုတာကလည်း ကျနော်တို့ ရခိုင်ကိုပြန်လာပြီး အလုပ်လုပ်စားနိုင်အောင် အရင်းအနှီး သွားရှာတာပါ။ ဒီမှာနေပြီး အရင်းအနှီးရှာနိုင်တဲ့အလုပ် မရှိဘူးလေ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြသူတွေဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နဲ့ ဘရူနိုင်း စတဲ့နိုင်ငံတွေကို ထွက်ခွာတာများပြီး တရားဝင် လမ်းကြောင်းထက် တရားမဝင် လမ်းကြောင်းကနေ သွားရောက်ကြသူ ပိုများကာ တရားမဝင် လမ်းကြောင်းကနေ သွားရောက်ကြရာမှာလည်း နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံရတာတွေ ရှိနေ​ကြတာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်ပြုလုပ်ခ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာ ရှိပေမဲ့ အာဏာသိမ်းပြီးနောက် ကန့်သတ်ထားတဲ့ QR စနစ်တွေနဲ့ စောင့်ဆိုင်းရတဲ့ အခြေအနေတွေ၊ ပတ်စ်ပို့ပြုလုပ်သူ များပြားတာတွေကြောင့် ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၃ သိန်းကနေ ၅ သိန်းအထိ စျေးပေါက်နေတယ်လို့ နိုင်ငံကူလက်မှတ်ပြုလုပ်သူတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာနေမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာ အလုပ်လုပ်ကိုင်သူတွေ များပြားနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာ့လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေကို စစ်တမ်းကောက်ယူ လေ့လာနေတဲ့ Myanmar Independence Researcher အဖွဲ့ရဲ့ ၂၀၂၂ စက်တင်ဘာလ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း မြန်မာနိုင်ငံမှာ လူငယ် ၄၀ ရာခိုင်နှုန်းက ပြည်ပထွက်ဖို့ ကြိုးပမ်းနေပြီး ကျန် ၃၀ ရာခိုင်နှုန်းက အကြောင်းကြောင်းကြောင့် မထွက်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013