DVB Logo
Home
မြန်မာသတင်း
သင်္ကြန်သံချပ်နဲ့ လူထုဆီ တော်လှန်သတင်းစကား ပေးပို့ကြသူများ (ရုပ်သံ) 
ဝေဝေ
·
April 15, 2026
Photo: တော်လှန်မျိုးဆက် ရန်ကုန်သံချပ်
Photo: တော်လှန်မျိုးဆက် ရန်ကုန်သံချပ်
Donate to DVB

ခေတ်အဆက်ဆက် သံချပ်ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ မြန်မာနိုင်ငံမှာ တနှစ်တာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေ၊ ထောက်ပြသရော်တာနဲ့ ဟာသပျက်စရာ အကြောင်းအရာတွေ အစုံကို မြန်မာနှစ်သစ်သင်္ကြန်သံချပ်ထဲ ထည့်သွင်းပုံဖော်တာကို သံချပ်ထိုးတယ်လို့ ဆိုလေ့ရှိပါတယ်၊

လက်ရှိနွေဦးတော်လှန်ရေး ကာလမှာတော့ ရိုးရာသံချပ်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြည်သူတွေရဲ့ အသံကို ထိထိမိမိ ဖော်ပြနိုင်ဖို့၊  တော်လှန်ရေး သတင်းစကားတွေကို လူထုဆီ ရောက်အောင် ပို့ဆောင်နေကြပါတယ်။

၂၀၂၆ ခုနှစ်သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ အဖွဲ့စုံ၊ ထောင့်စုံကနေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပါဝင်လာကြတာ ဖြစ်ပါတယ်။

တော်လှန်မျိုးဆက် ရန်ကုန်သံချပ်အဖွဲ့ မှ ကိုတူးက “သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေရဲ့ အောင်နိမိတ် နှစ်သစ် ဖြစ်တာကြောင့် ပြည်သူတွေကို မတရားအာဏာသိမ်း ဖိနှိပ်နေတဲ့ အကြမ်းဖက်စစ်တပ် အပြီးတိုင်ကျရှုံးရေးနဲ့ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေ စိတ်ဓာတ်မကျဘဲ အောင်ပွဲဆီသို့ အဟုန်အရှိန်မပျက် ဆက်လက်ချီတက်နိုင်ဖို့ ခွန်အားပေးလိုတာ ဖြစ်ပါတယ်။ စာသားတွေကိုတော့ မြေပြင်က အဖြစ်အပျက်တွေကို ရင်ဆိုင်ကျော်ဖြတ်လာတဲ့ မြေပြင်သပိတ် ခေါင်းဆောင်တွေနဲ့ စာရေးဆရာ/ကဗျာဆရာ ဦးမိုးပွင့်(ရေကြည်) ခေတ်ကာလနဲ့အညီ သရော်စာသားတွေကို ထောက်ပံ့ရေးသားပေးကြတာပါ။ စစ်အာဏာရှင်ရဲ့ မတရားမှုတွေကို သံချပ်စာသားတွေကတဆင့် ထုတ်ဖော်ပြသပြီး အောင်ပွဲဆီကို အတူတူလှမ်းချီကြဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

တော်လှန်မျိုးဆက် ရန်ကုန်သံချပ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်က “ညီမတို့ ဒီ ‘တော်လှန်မျိုးဆက် ရန်ကုန်သံချပ်’ ဆိုတဲ့ အဖွဲ့မှာ အတတ်နိုင်ဆုံး ရသပေါင်းစုံ ပါဝင်အောင်လို့ တဦး တယောက်ချင်းစီက ကိုယ် ပါဝင်ရတဲ့ အခန်းကဏ္ဍ (Scene) တိုင်းကို တတ်နိုင်သလောက် တယောက်ချင်းစီက ကြိုးစားထားပါတယ်လို့၊ ရသစုံဖြစ်အောင်လည်း အတတ်နိုင်ဆုံး လုပ်ထားပါတယ်ရှင်။ ညီမတို့က အခုမှ စဖွဲ့တဲ့ အဖွဲ့လေးလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးက တဦးချင်းစီက အများကြီး ကြိုးစားထားပါတယ်လို့။ ညီမကိုယ်တိုင်ကလည်း Political Prisoner (နိုင်ငံရေးအကျဉ်းသား) တယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ညီမ ဒီ တိုင်လိုက်တဲ့ အတိုင်အဖောက်ပေါ့၊ အဲဒီအပိုင်းလေးကကျတော့ ညီမနဲ့ အံကိုက်ဖြစ်သွားတာပေါ့။ အဲဒါကိုလည်း အားရကျေနပ်မှု ရှိပါတယ်၊ သဘောကျပါတယ်”လို့ ပြောပါတယ်။

တော်လှန်မျိုးဆက် ရန်ကုန်သံချပ်ကိုတော့ စမ်းချောင်းပင်မသပိတ်၊ Yangon 4 Brother၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နဲ့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်အားစုတခုဖိနှိပ်မှုကို လက်မခံတဲ့ ပြည်သူတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြု ပုံဖော်ထားတာလို့ဆိုပါတယ်။

၂၀၂၆ ခုနှစ် နှစ်သစ်သင်္ကြန်ကာလမှ ပေါ်ထွက်လာတဲ့ အသစ်သစ်သော သံချပ်အဖွဲ့တွေ အများအပြားကလည်း ရှေးမှုမပျက်ဘဲ ရသပေါ်လွင်အောင်ကြိုးစားနေကြသလိုပဲ နှစ်စဉ်တိုင်းလိုလို သံချပ်တွေနဲ့ လူထုကို ဖျော်ဖြေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်းတွေ ပါတီတွေလည်း ရှိကြပါတယ်၊

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ  တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက “စစ်အုပ်စုကိုတော့ အခုအချိန်မှာ ကျမတို့ အားလုံး ရင်ဆိုင်နေရတဲ့ တကယ်ကို ဒုက္ခပေးနေတဲ့သူ ဖြစ်တဲ့ အခါကျတော့ အဲ့ဒီဟာကိုတော့ အဓိကထားပြီးတော့ ရေးဖွဲ့ကြတာလို့ ကျမမြင်ရပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီကိုယ့်ရဲ့မဟာမိတ်အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေထဲမှာလည်း လိုရင်းကိုင်ရင်း လွဲချော်တဲ့ ကိစ္စတွေကိုလည်း ထည့်သွင်းပြီးတော့ ရေးဖွဲ့ကြတာ၊ သံချပ်ထိုးကြတာကို တွေ့ရပါ တယ်။ ဒါကလည်း အပြုသဘော ဆောင်ပြီး ရေးဖွဲ့ကြတဲ့ကိစ္စတွေ ဖြစ်တယ်ဆိုရင်တော့ ကောင်းပါတယ်။ လူထုကြားထဲကို အချိန်တိုတိုနဲ့ အလွယ်တကူ လျင်မြန်ပြန့်နှံ့ ရောက်ရှိဖို့အတွက်ကို တော်တော် များများက သံချပ်ယဉ်ကျေးမှုကို လုပ်လာကြတယ်ဆိုတာက ကျမအမြင်တော့ ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။

၁၃ နှစ်တိုင်အတွေ့အကြုံရှိတဲ့ ကျောင်းသားလူငယ်တွေရဲ့ “ဒေါင်းတို့မျိုးဆက်” လို သံချပ်တွေအပြင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ “လူ့ဘောင်သစ်သံချပ်”၊ ရန်ကုန်အင်အားစုတွေရဲ့ “တော်လှန်မျိုးဆက် ရန်ကုန်သံချပ်”၊ PPNM က ဦးဆောင်တဲ့ “နရသိန်အသံ တော်လှန်သံချပ်”တွေ အခုနှစ် သင်္ကြန်မှာ တွေ့ရပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့တွေရဲ့ “မီးလျှံသံချပ်”၊ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား/ကျောင်းသူတွေရဲ့ “အတာစိုးမယ့် တမာမိုးသံချပ်”၊ အဋ္ဌဂံယဉ်ကျေးမှု စစ်သည်တော်များရဲ့ “မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်”တွေအပြင် တခြားသော အဖွဲ့တွေရဲ့ သံချပ်တွေနဲ့ ၂၀၂၆ ခုနှစ်အတွက် လူထုဆီသတင်းစကားတွေ ပါးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013