DVB Logo
Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ လူထုရှေ့မှောက် ပြန်လာမည်
DVB
·
April 6, 2022
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ လူထုရှေ့မှောက် ပြန်လာမည်
Donate to DVB

အနှစ်သာရပြည့်တဲ့  တော်လှန်သတင်းစကားတွေပါတဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့ အတူ ဒေါင်းတို့မျိုးဆက်သံချပ်ဟာ လူထုရှေ့ကို အရောက်လာဖို့ ရှိနေတယ်လို့ သံချပ်အဖွဲ့က ပြောပါတယ်။ 

ဒေါင်းတို့မျိုးဆက်ဟာ ၂၀၁၃ ခုနှစ်ကတည်းက ကျောင်းသားသမဂ္ဂက လူငယ်တွေ အခြေခံကာ စတင်ဖွဲ့စည်းခဲ့ပြီး သံချပ်တွေ ဖျော်ဖြေကာ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးအပြင် တဘက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေမှာ မတရားသဖြင့် ယူထားတဲ့ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝင်နေမှုကို အစဉ်တစိုက် လှောင်ပြောင်၊ သရော်၊ ရှုတ်ချခဲ့တာပါ။ 

အဲဒါကြောင့်လည်း စစ်တပ်က အငြိုးအတေးကြီးထားပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်တွေကို ၂၀၁၉ ခုနှစ်တုန်းက ပုဒ်မပေါင်းများစွာနဲ့ မြို့နယ်ပေါင်းများစွာမှာ တရားစွဲဆို အကြိမ်ကြိမ် ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းထားတဲ့ ဒီနှစ်သင်္ကြန်မှာတော့ တကယ့်ကို အနှစ်သာရပြည့်တဲ့ တော်လှန်သတင်းစကားတွေ ပါတဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့ လူထုဆီ အရောက်လာဖို့ ရှိတယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။ 

“အတာသင်္ကြန်ကျရင်တော့ တကယ့်ကို အနှစ်သာရပြည့်တဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့အတူ ပြည်သူလူထုရှေ့ကို အရောက်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ပြောလို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ဘူး။ ကျနော်တို့ရဲ့ ပန်းတိုင်ကဖက်ဒရယ်ဒီမိုကရေစီ ဖြစ်မယ်။ ကျနော်တို့ရဲ့ ပန်းတိုင်က စစ်တပ်က နိုင်ငံရေးမှာ လုံးဝမပါဘဲ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ လက်ရှိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ ရာထူးကြီးငယ်မရွေး၊ တာဝန်ရှိသူမည်သူမဆို ပြစ်မှုတွေကို ပြည်သူ့ခုံရုံးမှာ ပြန်ပြီးတော့ တရားစီရင်ခံရမယ်။ ဒါမျိုးတွေ သတင်းစကားပါတဲ့ သတင်းစကားပေါင်းများစွာနဲ့ တော်လှန်သံချပ်တွေနဲ့ သင်္ကြန်မှာ ဖျော်ဖြေသွားဖို့ ရှိပါတယ်။”

စစ်အာဏာသိမ်းပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ နေရာတွေ ကွဲသွားပြီး ကျရာနေရာမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အဲဒါကြောင့် တော်လှန်သင်္ကြန်မှာ ဖျော်ဖြေမယ့် သံချပ်ကို ပုံစံ နှစ်မျိုးနဲ့ တင်ဆက်မှာဖြစ်တဲ့အတွက် တောထဲရောက်နေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက တောထဲမှာ သံချပ်ဖျော်ဖြေမှာဖြစ်ပြီး မြေပြင်သပိတ်မှာ ရှိနေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကတော့ အွန်လိုင်းကနေ ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ သွေးတွေစီးနေတဲ့ လမ်းမထက်ကို စစ်အာဏာရှင်က သင်္ကြန်ရေနဲ့ ဆေးကြောဖို့ ကြိုးစားနေကြတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်တဲ့ ဖက်ဆစ်သင်္ကြန်ကို ပြည်သူတွေ သွားရောက် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ သပိတ်မှောက်ကြဖို့ ကိုနန်းလင်းက တိုက်တွန်းထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလအတွင်းမှာလည်း စစ်ကောင်စီက သင်္ကြန်ရေကစားခွင့် ပြုခဲ့ပေမယ့် ပြည်သူတွေဟာ တက်ညီလက်ညီ သင်္ကြန်ပွဲတော်ကို ပါဝင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့ကြပြီး ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဖြတ်သန်းခဲ့ကြတာပါ။ ဒီနှစ်မှာ စစ်ကောင်စီက မဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးဟာ အဘက်ဘက်က ကျဆင်းနေခဲ့ပေမဲ့ တဘက်က အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည် ပုံမှန်လည်ပတ်နေသလို အဓမ္မလုပ်ကြံ ဖန်တီးလိုတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အတုအယောက် အပျော်သင်္ကြန်ကို ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။ 

“ပြည်သူလူထုတရပ်က အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးတရပ်ကို ဆင်နွှဲနေပြီ ဖြစ်တယ်။ အခုလာမယ့် မကြာခင်ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်မှာလည်း ဒီအတိုင်းပါပဲ။ အခုဆိုရင် အကြမ်းဖက်စစ်အုပ်စုက မြို့ရွာရပ်ကွက်တွေမှာ ဖိအားပေးပြီး သင်္ကြန်ပွဲဆိုပြီး အကြောင်းပြပြီးတော့ အတုအယောင်ပျော်ပွဲရွှင်ပွဲတွေ အတုအယောင်သင်္ကြန်ကို ပုံဖော်ဖို့ ကြိုးစားနေတယ်။ စစ်အုပ်စုက ဖန်တီးလုပ်ကြံထားတဲ့ အတုအယောင် အပျော်သင်္ကြန်မှာ ပူးပေါင်းပါဝင်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။”

အကြမ်းဖက် စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေချိန်မှာပဲ မြန်မာပြည်တွင်းက နာမည်ကြီး ဟိုတယ်တွေ၊ ဘားတွေ၊ အပျော်စီးသ‌င်္ဘောတွေ၊ အပန်းဖြေနေရာတွေ၊ အများစုကတော့ သက်ဆိုင်ရာ နေရာတွေမှာ သီးသန့်သင်္ကြန်ပွဲ ဆင်နွှဲနိုင်ဖို့ အပြိုင်အဆိုင် ကြော်ငြာနေကြပါတယ်။ 

ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွင်း ကျဆုံးလေပြီးတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ၊ အဓမ္မ ဖမ်းဆီးခံထားရတဲ့ အကျဉ်းကျသူရဲကောင်းတွေ၊ အစားထိုးပြန်မရနိုင်တဲ့ အသက်ကို စတေးကာ တိုင်းပြည်အတွက် တောထဲ တောင်ထဲ တိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ CDM သူရဲကောင်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အသိအမှတ်ပြု၊ စာနာ၊ လေးစား၊ ဂုဏ်ပြုတဲ့အနေနဲ့ အကြဖမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ‘အပျော်သင်္ကြန်’ နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်တွေကို လုံးဝ မပူးပေါင်း မပါဝင်ကြဘဲ သပိတ်မှောက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်းအားစုတွေကလည်း တိုက်တွန်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013