DVB Logo
Home
မြန်မာသတင်း
NDAA ဥပဒေအရ ရလာနိုင်သည့် အကူအညီများ မြန်မာပြည်သူလူထု အမြန်ဆုံးရရှိရန် NUG စီစဉ်သွားမည်
DVB
·
December 25, 2022
NDAA ဥပဒေအရ ရလာနိုင်သည့် အကူအညီများ မြန်မာပြည်သူလူထု အမြန်ဆုံးရရှိရန် NUG စီစဉ်သွားမည်
Donate to DVB

NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ထိုးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ရလာနိုင်စရာရှိတဲ့ အကူအညီတွေကို မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီနိုင်အောင် စီစဉ်သွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023  ကို အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက်  သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးလိုက်ကာ မြန်မာပြည်ကိုအကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်တဲ့ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကိုလည်း အတည်ပြုလက်မှတ်ရေးထိုးမယ်လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စာမျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act ဥပဒေတစ်ခုလုံးကိုလည်း NDAA 2023 ဥပဒေထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က " NDAA မှာပါတဲ့ Burma Act ပေါ့နော်။ အဲ့မှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ဘာတွေ အကူအညီပေးရမယ်ဆိုတာ အတိအကျသူတို့ပြောဆိုထားတာရှိပါတယ်။ ခွင့်ပြုတယ်ပေါ့နော်။ Burma Act မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း အမေရိကန်က အကောင်အထည်ဖော်တဲ့နေရာမှာ လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ဖို့ ကျနော်တို့မဟာမိတ် ERO တွေ NGO ၊ CSO တွေနဲ့လက်တွဲပြီးတော့ အတူတကွ စနစ်တကျလုပ်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အမေရိကန်မှာရှိတဲ့ ကျနော်တို့ရဲ့ဆက်သွယ်ရေးလမ်းကြောင်း ကိုယ်စားလှယ်ရုံးရှိတယ်။ အမေရိကန်အစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ လွှတ်တော်ကတာဝန်ရှိသူတွေနဲ့လည်းထိတွေ့ပြီးတော့ နှစ်သစ်မှာ အတူတကွပူးပေါင်းလက်တွဲပြီးတော့ ဥပဒေပြဋ္ဌာန်း ထားတဲ့အတိုင်း အဲ့ဒီအထဲကနေပြီးတော့ အကောင်းဆုံးအမြန်ဆုံးနဲ့ အထိရောက်ဆုံးအကူအညီတွေရရှိဖို့အတွက် ဆောင်ရွက်ဖို့အတွက် စီစဉ်နေတယ်။"

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကိုလည်း ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုခဲ့ပြီး  သမ္မတဂျိုးဘိုင်ဒန်က ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ သူ့ဆီကို ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေရောက်လာတာနဲ့ လက်မှတ်ရေးထိုးသွား မယ်လို့ ဖော်ပြခဲ့ပါတယ်။ 

မယ်ရီလန်းပြည်နယ်ချင်းအဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ  ဇိုသုန်းမှုန်  "ဘားမားအက်ကတော့ သမ္မတကလက်မှတ်ထိုးပြီးပြီ။ ဘဏ္ဍာငွေခွဲဝေမှုကြတော့  Congress လက်မှတ်ထိုးပြီးတော့ သမ္မတက လက်မှတ်မထိုးသေးဘူး။ ဒါပေမဲ့ Statement တော့ထုတ်ထားတယ်။ Statement ဘယ်လိုထုတ်သလဲဆိုတော့ Congress မှာ အတည်ပြုတဲ့ဟာကို ကြိုဆိုတယ်တဲ့။ သူ့ဆီကိုရောက်ရောက်ချင်း သူကအတည်ပြုမယ်တဲ့ လက်မှတ်ထိုးမယ်တဲ့ အဲ့လိုသူက Statement ထုတ်ထားတယ်။ သူက အဲ့ဒီလို ကတိပေးထားလိုက်တော့ ဘဏ္ဍာငွေခွဲဝေမှုကိစ္စကတော့ မကြာခင်မှာ သူထိုးမယ်။"

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုချမှတ်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ချမှတ်ရာမှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ ပါဝင်မဲပေးခဲ့ခြင်းမရှိခဲ့သလို ဗီတိုအာဏာသုံးပြီးပယ်ချတာမျိုးလည်းမပြုလုပ်ခဲ့ကြပါဘူး။

ဒါ့အပြင် လုံခြုံရေးကောင်စီဟာ  အမေရိကန်အပါအဝင် မြန်မာ့အရေးမှာ ဒီမိုကရေစီလိုလားတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို လက်နက်တင်သွင်းတာတွေ ပိတ်ဆို့သွားမယ့် လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

ဇိုသုန်းမှုန်က"မဟာမိတ်ဆိုတာပါတယ်ဆိုတော့ ဒီဟာက လုံခြုံရေးကောင်စီတစ်ခုတည်းနဲ့ပဲ သွားဖို့က အခက်အခဲရှိတယ်။ ဒါကြောင့်မို့ ယူအက်စ်နဲ့ သူနဲ့ မဟာမိတ်တွေ သူတို့နည်းချဉ်းကပ်ပုံချဉ်းကပ်နည်း အတွေးအခေါ်တူတဲ့ သူတွေနဲ့ပေါင်းပြီးတော့ Arms embargo (လက်နက်ပိတ်ဆို့မှု) ကိုလည်း လုပ်မယ်ဆိုတာပါတယ်။ ဒီဟာလည်း အားတက်စရာ ကောင်းပါတယ်။"လို့ ပြောပါတယ်။

ရက်ပိုင်းအတွင်းမှာတိုးတက်လာတဲ့ ကုလသမဂ္ဂလုပ်ငန်းစဉ်တွေနဲ့ အမေရိကန်ပြည်ထောင်စု ဆီကရလာမယ့်အကူအညီတွေကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာစာမျက်နှာမှာ အကျည်းတန်ဖြစ်နေတာ ပိုပြီးတော့ ထင်ရှားတယ်။ ကုလလုံခြုံရေးကောင်စီမှာလည်း သူ့ဘက်ကနေပြီးတော့ ကာကွယ်ပေးဖို့ ဘယ်သူမှမရှိဘူးဆိုတာ ဖော်ပြနေပါတယ်။”လို့ပြောပါတယ်။

NDAA မှာပါဝင်တဲ့ Burma Act မှာ ဖော်ပြချက်တွေအရ မြန်မာ့အရေးအတွက် အကူအညီအ ထောက်အပံ့တွေပေးသွားဖို့ အစီအစဉ်တွေရှိပေမယ့် အမေရိကန်ဒေါ်လာဘယ်လောက်ကို ဘယ်လိုနည်းလမ်းနဲ့ထောက်ပံ့မယ်ဆိုတာတော့ အတိအကျဖော်ပြထားတာတော့ မရှိပါဘူး။

လွှတ်တော်က အတည်ပြုပြီး သမ္မတဂျိုးဘိုင်ဒန်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ထိုးမယ့် အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေမူကြမ်းမှာတော့ အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးသွားဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီးအကူအညီပေးမယ့်အစီအစဉ်တွေကို အမေရိကန်အစိုးရက ပါတီကြီး ၂ခုဖြစ်တဲ့ ဒီမိုကရက်နဲ့ ရီပက်ဘလစ် တို့ရဲ့ထောက်ခံချက်တွေကိုရရှိထားပါတယ်။ 

NDAA 2023  ဥပဒေ ကို အမေရိကန်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ကန့်ကွက်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သလို မြန်မာအာဏာသိမ်း စစ်ကောင်စီကလည်း  ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံကြောင်းနဲ့ ပြည်တွင်းရေးစွက်ဖက်မှုဖြစ်ကြောင်း ပြန်လည်တုံ့ပြန် ကြေညာထားပါတယ်။

Photo-The White House

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013