DVB Logo
Home
Lead Story
လုံခြုံရေးကောင်စီရဲ့ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်
DVB
·
December 22, 2022
လုံခြုံရေးကောင်စီရဲ့ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်
Donate to DVB

ဒီနေ့ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)ကတော့ နွေဦးတော်လှန်ရေးလို့ ခေါ်ကြတဲ့  မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအတွက် အရေးကြီးတဲ့ သံတမန်ရေးရာအောင်မြင်မှုတစ်ခုကို ရရှိတဲ့နေ့ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု [S/RES/2669 (2022)]ကို ပထမဆုံးအကြိမ် ချမှတ်နိုင်ခဲ့လို့ပါ။ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ပါဝင်တဲ့ လုံခြုံရေးကောင်စီက ယူနိုက်တက်ကင်းဒမ်း (United Kingdoms) က ဦးဆောင်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၃ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားက ဒီဆုံးဖြတ်ချက်ကို အရင်တုန်းကလို ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အိန္ဒိယနိုင်ငံနဲ့အတူ ကြားနေကြပါတယ်။ 

ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ အရေးကြီးတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပါ အစီအစဉ်အတိုင်း မဟုတ်ပါ။ စကားလုံးအတိအကျလည်း မဟုတ်ပါ။ သင့်တော်သလို စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

(၁) မြန်မာနိုင်ငံတွင် စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာထားခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအတွက် အလွန်စိတ်ပူသည်။

(၂) မြန်မာနိုင်ငံတွင် အခြေပျက်ရွှေ့ပြောင်းနေထိုင်ကြရသူများ (Internally Displaced Persons) အလွန်အမင်းများပြားလာခြင်းနှင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များ အလွန်များပြားလာခြင်းအတွက် စိတ်ပူသည်။

(၃)လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်  မြန်မာစစ်အာဏာရှင်များအား တောင်းဆိုသည်။ 

(၄) မြန်မာနိုင်ငံ၏ ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာဖွေနိုင်ရေးတွင် အာဆီယံ (ASEAN) အဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း အသိအမှတ်ပြုသည်။ သို့ဖြစ်ပါ၍ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီမှု (5-Point Consensus) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီအားပေးကြရန် တိုက်တွန်းသည်။

(၅) အဆိုပါ ဘုံသဘောတူညီမှုကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျခိုင်မာသော လုပ်ငန်းအစီစဉ်များကို အမြန်ဆုံးချမှတ် ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကြီးအား တောင်းဆိုသည်။

(၆)မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများအားလုံး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးသံတမန်များနှင့် လက်တွဲ၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများစတင်ရန်နှင့် မြန်မာနိုင်ငံတွင်း ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းသည်။

(၇) မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများအား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းအတွက် လုံခြုံရေးကောင်စီမှ ရှုတ်ချကြောင်း ထပ်မံအတည်ပြုသည်။

(၈) အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေးနှင့် အားလုံးလက်ခံနိုင်မည့် နိုင်ငံရေးအဖြေရှာမှုများ ရရှိနိုင်ရေးအတွက် စစ်မှန်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော လုပ်ငန်းစဉ်ရှိရန်သည် အဓိက လိုအပ်ချက်ဖြစ်သည်ဟု သတိပေးသည်။

(၉) ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပဋိပက္ခများကို ဖြေရှင်းရေးနှင့် ရိုဟင်ဂျာလူမျိုးများ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း သတိပေးသည်။

အခုလို လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အတည်ပြုနိုင်ခဲ့တာဟာ အာဆီယံအဖွဲ့ကြီးအတွင်းက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူစတဲ့ မြန်မာစစ်အာဏာရှင်တွေကို အလွန်အမင်းစိတ်ပျက်နေတဲ့ နိုင်ငံတွေက တောင်းဆိုမှုကြောင့်ဖြစ်သလို ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်သံအမတ်ကြီးတွေရဲ့ စည်းရုံးမှု၊ သဘောတူညီချက်ရအောင် စိတ်ရှည်လက်ရှည် ညှိနှိုင်းနိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်အာဏာပိုင်တွေကို အရေးယူမယ့် အကြောင်းအရာတွေ မပါဝင်ပါ။ အရေးယူမယ့် အဆင့်ကို အခုမရောက် သေးပေမဲ့ ဒါဟာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ အရေးယူမှုတွေအတွက် ခြေလှမ်းတစ်လှမ်း စလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက မြန်မာစစ်တပ်အပေါ် အလွန် သံယောဇဉ်ကြီးတဲ့ ထိုင်းအစိုးရ၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်လျက်နဲ့ မြန်မာစစ်အုပ်စုနဲ့ ပလူးပလဲနေချင်တဲ့ အိန္ဒိယအစိုးရတို့ကို သတိပေးလိုက်သလိုလည်း ဖြစ်ပါတယ်။

ဒီ သံတမန်ရေးရာအောင်ပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြား​ရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ရဲ့ သံတမန်ရေးရာ စည်းရုံးမှုတွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့လည်း မှတ်တမ်းတင်ချင်ပါတယ်။  

အောင်ဒင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013