DVB Logo
Home
မြန်မာသတင်း
NDAA ဥပဒေကို ဆီးနိတ်အထက်လွှတ်တော် အတည်ပြု၊ NUG အစိုးရ ကြိုဆိုဂုဏ်ပြု
DVB
·
December 16, 2022
NDAA  ဥပဒေကို ဆီးနိတ်အထက်လွှတ်တော် အတည်ပြု၊ NUG အစိုးရ ကြိုဆိုဂုဏ်ပြု
Donate to DVB

NUG၊ CRPH ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေပေးဖို့ပါဝင်တဲ့ ၂၀၂၃ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို အမေရိကန်ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးအသုံးစရိတ်တွေပါဝင်တဲ့ နှစ်စဉ်ပြဋ္ဌာန်းလေ့ရှိတဲ့  NDAA  ဥပဒေကို  ဒေသအချိန် ဒီဇင်ဘာ ၁၅ ရက်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနဲ့   အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကို အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုထားခဲ့ပြီး အခုအခါ လွှတ်တော်နှစ်ရပ်စလုံးရဲ့ အတည်ပြုချက်ရထားပြီဖြစ်လို့  မကြာခင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးတဲ့အခါ ဥပဒေ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ 

ဒီဥပဒေမှာ ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံအထိ စံချိန်တင်တောင်းခံထားတာဖြစ်ပြီး သမ္မတ ဘိုင်ဒင် အဆိုပြုထားတဲ့ ဘတ်ဂျက် အသုံးစရိတ်ထက်  ၄၅ ဘီလီယံ ပိုချပေးထားတာ ဖြစ်ပါတယ်။ 

ဒီအသုံးစရိတ်တွေထဲမှာ အမေရိကန် တပ်ဖွဲ့တွေအတွက် လစာ ၄ ဒသမ ၆ ရာခိုင်နှုန်းတိုးပေးဖို့၊ လက်နက်တွေ၊ သင်္ဘောတွေနဲ့ လေယာဉ်တွေဝယ်ဖို့၊ ထိုင်ဝမ်၊ ယူကရိန်းနဲ့ မြန်မာနိုင်ငံတို့အတွက် ကူညီထောက်ပံ့မှုတွေပေးဖို့တွေပါဝင်ပါတယ်။ 

NDAA ဒီဥပဒေကို ၁၉၆၁ ခုနှစ်ကတည်းကစတင်ပြီး ကွန်ဂရက်လွှတ်တော်ကနေ နှစ်စဉ် အတည်ပြုပေးနေတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Burma Act  ရဲ့အစိတ်အပိုင်းတွေပါဝင်တဲ့ ၂၀၂၃ NDAA ဥပဒေကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ်  ချီးကျူးဂုဏ်ပြုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကဒီကနေ့ ကြေညာပါတယ်။

သမ္မတ ဘိုင်ဒင်အနေနဲ့ မကြာခင်မှာ ဥပဒေကို အတည်ပြုလက်မှတ်ထိုးမယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါဟာ မြန်မာပြည်သူတွေနဲ့ NUG၊ NUCC၊ CRPH၊ CDMနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတ‌မှုရရှိရေးအတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မဟာမိတ်အဖွဲ့ အစည်းတွေအားလုံးအတွက်လည်းပဲ အမေရိကန်အစိုးရရဲ့ အားပေးထောက်ခံတဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာလို့  ဆိုပါတယ်။

Burma Act ဥပဒေဟာ မြန်မာပြည်မှာ အခက်အခဲတွေကြား ရုန်းကန်နေကြရတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်နဲ့ အထောက်အပံဖြစ်စေမယ့်အကြောင်းနဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်နဲ့ ဒီဥပဒေအတည်ပြုနိုင်ဖို့ ကြိုးပမ်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း ယာယီသမ္မတက ပြောပါတယ်။

ဒီဥဒေသအသက်ဝင်လာတဲ့အခါ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ EAO တွေနဲ့ PDF တွေအတွက် လက်နက်မဟုတ်တဲ့အကူအညီတွေနဲ့ နည်းပညာအကူအညီတွေ၊ CDM စစ်မှုထမ်းဟောင်းတွေအတွက် အထောက်အပံ့တွေ၊  အသွင်ကူးပြောင်းမှုကာလ တရားစီရင်ရေးယန္တရားအတွက် အကူအညီတွေရစေမှာဖြစ်သလို စစ်တပ်ကို ဖိအားတွေပိုပေးနိုင်ဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013