
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ပေးစေလိုတယ်လို့ မိုင်းလားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းက စစ်အာဏာရှင်ခေါင်းဆောင်တွေကို တိုက်တွန်းပြောပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့ ငြိမ်းချမ်းရေးအတွက် သြဂုတ် ၁၀ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ပြောတာဖြစ်ပါတယ်။
NDAA ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်းရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို အမွေဆက်ခံပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းအတိုင်း အစိုးရအဆက်ဆက်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး စစ်အာဏာရှင်အစိုးရနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးပြီး ပိုမိုရင်းနှီးတဲ့ ဆက်ဆံမှုကနေ ယုံကြည်မှုကို မြှင့်တင်နိုင်မယ်လို့လည်း ဦးထိန်လင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ စစ်အာဏာရှင်လက်အောက်ခံ NSPNC တို့ အနေနဲ့ မိုင်းလားမှာ ပထမအကြိမ် တွေ့ဆုံထားပြီး အခုအကြိမ် တွေ့ဆုံတာဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ NSPNC ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်က မိုင်းလားဒေသကို မြင့်မားတဲ့ အဆင့်အတန်းတခုကို ရောက်အောင် တည်ဆဲဥပဒေတွေနဲ့အညီ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပြီး နှစ်ဖက်လိုလားချက်တွေကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ကျိုင်းတုံ-မိုင်းလားလမ်းမကြီး ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတား ပုံမှန် ပြန်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ်စပ်ဒေသ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ စိုက်ပျိုးရေးအတွက် မူဝါဒပိုင်း ပံ့ပိုးမှုတို့လည်း စစ်အာဏာရှင်အစိုးရ ကူညီပေးဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နှစ်ဖက်ဆွေးနွေးချက်တွေကို စစ်အာဏာရှင် မင်းအောင်လှိုင်ထံ ဆက်တင်ပြပြီး ညွှန်ကြားတဲ့ မူဝါဒတွေနဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောဆိုခဲ့ပါတယ်။











