DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ၁၈၀ ခန့်ပါ ဒုတိယ စက်လှေ ၁ စီး ပင်လယ်ထဲ စက်ပျက်ပြီး အကူအညီမဲ့နေ
DVB
·
December 14, 2022
ရိုဟင်ဂျာ ၁၈၀ ခန့်ပါ ဒုတိယ စက်လှေ ၁ စီး ပင်လယ်ထဲ စက်ပျက်ပြီး အကူအညီမဲ့နေ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းကနေ ထွက်ခွာလာတဲ့  ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ ဒုတိယမြောက် စက်လှေတစီးက အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ထဲမှာ စက်ချို့ယွင်းပြီး မျောပါနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီး အစာရေစာပြတ်ကာ အခုထိကူညီမဲ့သူမရှိသေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းကနေ သိရပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယ အပတ်ထဲမှာ ၃ ရက်ခြားပြီး စက်လှေ ၃ စီးနဲ့ ထွက်ခွာလာတာဖြစ်ပါတယ်။ 

လူ ၁၆၀ လောက်လိုက်ပါလာတဲ့ ပထမစက်လှေဟာလည်း စက်ချို့ယွင်းပြီး  ပင်လယ်ထဲ ၁၀ ရက်လောက်မျောနေကာ ဒုက္ခသည် ၁၀ ယောက်လောက် သေဆုံးသွားချိန်ကျမှ ဗီယက်နမ် ရေနံကုမ္ပဏီရဲ့ သင်္ဘောတစီးက တွေ့ရှိကယ်တင်ပြီး မြန်မာစစ်ကောင်စီ ရေတပ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ နောက်ထပ်ထွက်သွားတဲ့ စက်လှေကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အခု လူ ၁၈၀ လောက် လိုက်ပါလာတဲ့ စက်လှေကတော့ နိုဝင်ဘာ ၂၅ ရက်က မလေးရှားနိုင်ငံဆီ ဦးတည် ထွက်ခွာလာရာမှာ လမ်းမှာစက်ချို့ယွင်းကာ ပင်လယ်ထဲမျောနေတာဖြစ်ပြီး   ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ  ၁၉  ရက်တိုင်ရှိသွားပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးက “အခု စက်လှေက ဒုတိယထွက်ခွာခဲ့တဲ့ စက်လှေဖြစ်ပါတယ်။ သူတို့မှာလည်း  satellite ဂြိုဟ်တုဖုန်းတလုံးပါ တဲ့အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့က   ကော့ဇ်ဘဇားမှာ ကျန်နေခဲ့တဲ့ အမျိုးတွေထံကို  သူတို့ အစာရေစာပြတ်နေတဲ့အကြောင်းနဲ့ စက်ပျက်ပြီးမျောနေကြောင်း၊ အင်ဒိုနီးရှားရေပိုင်နက်ထဲမှာဖြစ်ကြောင်း ဖုန်းနဲ့ လှမ်းပြောလိုက်တာ”လို့   ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပင်လယ်ထဲမျောနေသူတွေက အင်ဒိုနီးရှားမှာရောက်နေတဲ့ ရိုဟင်ဂျာ မိတ်ဆွေထံကို ရိုဟင်ဂျာဘာသာစကားနဲ့  ဖုံးဆက်ပြီးအသိပေး အကူအညီတောင်းခံထားတဲ့ အသံဖိုင်တဖိုင် အွန်လိုင်းမှာ တွေ့ရပါတယ်။

အဲ့ဒီအသံဖိုင်မှာတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံ မလက္ကာရေလက်ကြားအနီး ရောက်နေကြောင်း၊ အင်ဒိုနီးရှားမှာ နေလို့ထိုင်လို့ အဆင်ပြေမလားလို့မေးရာမှာ အင်ဒိုနီးရှားကသူက အဆင်မပြေဘူးလို့ ပြန်ပြောကြားထားပါတယ်။ သူကပဲဆက်လက်ပြီး ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေ မတွေ့ဘူးလား၊ သူတို့ကို အကူညီတောင်းကြည့်ပါလို့ပြောရာမှာ စက်လှေထဲကသူက ငါးဖမ်းစက်လှေတွေကို အကူအညီတောင်းပေမဲ့ မကူညီကြောင်း၊ လက်ခါပြကြောင်း ပြန်ပြောပါတယ်။

ဒါ့အပြင် အခုသူတို့ရောက်နေတဲ့နေရာက စင်ကာပူကိုလည်းသွားလို့ရကြောင်း၊ ဒါပေမဲ့ စက်လှေကစက်ပျက်နေပြီး၊ လေကလည်း အရမ်းထန်နေကြောင်း၊ အခုလတ်တလော စားစရာပြတ်လတ်နေကြောင်းတဲ့ ကူညီဖို့အကြောင်းတွေကို ပြောဆိုထားပေမဲ့ အသံဖိုင်က အစအဆုံးပါမလာဘူးလို့ ရိုဟင်ဂျာစကားကို နားလည်တဲ့ ထိုင်းနိုင်ငံနေ ရိုဟင်ဂျာတယောက်က ရှင်းပြပါတယ်။

အခု ပင်လယ်ထဲဒုက္ခကြုံနေတဲ့ ရိုဟင်ဂျာ ၁၈၀ က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲကနေ ၁၉၉၂ ခုနှစ် ခန့်လောက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  ထွက်ပြေးလာသူတွေဖြစ်ကြပြီး ကော့ဇ်ဘဇားမှာ ရာစုနှစ်တခုလောက်နေထိုင်ခဲ့ကြပြီးနောက် နေရေးထိုင်ရေးစားသောက်ရေးနဲ့ မိသားစု အနာဂတ် မရှိတော့လို့ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ကော့ဇ်ဘဇား ဒေသခံထံက သိရပါတယ်။

သူတို့အတွက် အကူအညီပေးဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက  အင်ဒိုနီးရှားအစိုးရကို အချက်အလက်တွေပေးပို့ အကူအညီတောင်းခံထားတယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေကို အမြန်​ကယ်​ကယ်ဆယ်ကြဖို့နဲ့ စက်လှေပေါ်က လူတွေငတ်ပြတ်နေကြပြီး ရေဓာတ်ခမ်းခြောက်လို့သေဆုံးနေကြကာ လက်ရှိ စက်လှေ စက်ပျက်လို့ ကျောက်ချရပ်နားထားပြီး အင်ဒိုနီးရှားနဲ့မဝေးတဲ့ မာလက္ကာရေလက်ကြားမှာ ရှိနေတယ်လို့  ဦးအောင်ကျော်မိုးက လူမှုကွန်မှာ ရေးသားထားကာ UNHCR၊ Amnesty International၊ Human Rights Watch စတဲ့ အဖွဲ့တွေကို သိစေဖို့လည်း သတင်းစကားပါးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013