DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းခရီးသွား တိုးလာရန် ခရီးသွားလုပ်ငန်းရှင်များ မျှော်လင့်
DVB
·
December 13, 2022
ပြည်တွင်းခရီးသွား တိုးလာရန် ခရီးသွားလုပ်ငန်းရှင်များ မျှော်လင့်
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတာကြောင့် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကို ၂ နှစ်ကျော်ကြာ ရပ်နားခဲ့ရပြီးနောက် အခုနှစ် အောက်တိုဘာလက စတင်ကာ ပြည်တွင်းမှာ ခရီးသွားလုပ်ငန်းတချို့ ပြန်လည်လည်ပတ်လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

လာမယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းတယ်လို့ ယူဆရတဲ့ ဒေသတချို့ကို ခရီးသွားလာမှုတွေ ရှိလာနိုင်တဲ့အတွက် ခရီးသွားလုပ်ငန်းရှင်တွေက မျှော်လင့်နေတာပါ။

“ကိုဗစ်မတိုင်ခင် ၂၀၁၉၊ ၂၀၂၀ မတ်လ အရှေ့ကလောက်ထိ အခြေအနေလို လုပ်ငန်းလည်ပတ်လို့ မရသေးဘူး။ ဧည့်သည် ကြိုးကြားကြိုးကြားလေး ရှိတယ်။ အရမ်းအများကြီးတော့ မရှိဘူး။ ပြည်တွင်းမှာ သွားလို့ရတဲ့နေရာတွေက လက်ချိုးရေလို့ ရတယ်။ ၄ ခု၊ ၅ ခုပဲ ရှိတယ်။ အဓိကက ကမ်းခြေတွေ၊ ငွေဆောင်တွေ၊ ချောင်းသာ၊ ငပလီတွေ သွားကြတယ်။ နောက်တခုက ပုဂံပေါ့။ လူကြီး လူငယ် လူလတ် မရွေး သွားကြတဲ့ နေရာပေါ့။ နောက်တခုက လုံခြုံရေးအရ Safe ဖြစ်တဲ့ နေရာက ရှမ်းပြည်တောင်ပိုင်းကို သွားကြပါတယ်။ အဲဒီနေရာလောက်လေးတွေပဲ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်မှု ပေးလို့ရတယ်” လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ် ရုံးပိတ်ရက်တွေအတွင်း ပြည်တွင်း နယ်မြေတည်ငြိမ်တဲ့ ဒေသတွေကို အလည်အပတ် သွားရောက်တာတွေ များခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေအရ ခရီးသွားတွေရဲ့ လုံခြုံရေးအပေါ် အပြည့်အဝယုံကြည်ဖို့ ခက်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ခရီးသွားလုပ်ငန်း လည်ပတ်လာတာ ရှိပေမဲ့ ကိုဗစ်မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင်တော့ ပြည်တွင်းခရီးသွား လည်ပတ်မှုနှုန်းက ၂၀ ရာခိုင်နှုန်းခန့် တက်လာတယ်လို့ ဆိုပါတယ်။

“ခရီးသွား လူဦးရေက တော်တော်လေး သိသာတယ်။ ကိုဗစ် မတိုင်ခင်က ပြည်တွင်းခရီးသွား ဘုရားဖူးအဖွဲ့နဲ့ ရရှိထားတဲ့ စာရင်းအရ ၇ သန်းလောက် ရှိတယ်။ မကောက်ခံထားတဲ့ စာရင်းအရ အကြမ်းအားဖြင့် ပြည်တွင်းခရီးသွား တနှစ်တာအတွင်း ၁၀ သန်းလောက်ရှိတယ်။ ဒီပမာဏရောက်ဖို့ တော်တော်လေး ခဲယဉ်းတယ်။ အခု ပြည်တွင်းခရီးသွား ၁ သန်း ၂ သန်း ပြန်တက်လာဖို့ ယူဆပါတယ်။ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ပြန်တက်လာတယ်” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းဟာ ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်က ခရီးသွားတဲ့ အရေအတွက် ၈ သန်း‌ေလာက်အထိ ရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကစပြီး စစ်တပ် အာဏာသိမ်းမှုကြောင့် ၂ နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ ပြန်လည်ဦးမော့လာဖို့ မျှော်လင့်နေကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးက “ခရီးသွားလုပ်ငန်းက ကိုဗစ် စဝင်ကတည်းက အထိအခိုက် အနစ်နာဆုံး လုပ်ငန်းထဲမှာ အပါအဝင်လို့ ပြောလို့ရတယ်။ အဲ့အတွက် ခရီးသွားလုပ်ငန်း လုပ်တဲ့သူတွေဆိုရင် စီးပွားရေးရပ်နားခဲ့ရတာ လာမယ့် ၂၀၂၃ မတ်လဆို ၃ နှစ်ပြည့်ပြီ။ တချို့ဆို တောင့်ခံနိုင်တဲ့ လုပ်ငန်းရှိသလို တချို့ စီးပွားရေးလုပ်ငန်း ပြောင်းသွားတာရှိတယ်။ ခရီးသွားလုပ်ငန်းလေး ပြန်တည့်မတ်လာဖို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက မျှော်လင့်ပါတယ်။ ဖြစ်လည်း ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေ ၂ နှစ်ကျော်ကြာ ရပ်နားခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက် နေ့မှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားခရီးသွားတွေကို မြန်မာပြည်တွင်း ဝင်ရောက်နိုင်ဖို့ လေကြောင်းလိုင်းခရီးစဉ်တွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး e-visa လျှောက်လွှာတွေ စတင်လက်ခံခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ခရီးသွားဖို့ မသင့်တော်သေးဘူးဆိုတဲ့ သတိပေးချက်တွေကြောင့် ပြည်ပခရီးသွား လာရောက်တဲ့နှုန်းဟာ ‌ေသာင်းဂဏန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်မှုအဖြစ် ၂၀၁၇ မှာ ၃ ဒသမ ၄ သန်းကျော်၊ ၂၀၁၈ မှာ ၃ ဒသမ ၅ သန်းကျော်နဲ့ ၂၀၁၉ မှာ ၄ သန်း ၃ သိန်းကျော် ဝင်ရောက်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို ခုခံဆန့်ကျင်နေတဲ့ အခုလို တော်လှန်ရေးကာလမျိုးမှာ ခရီးသွားတာရှောင်ဖို့ ပြည်သူအချင်းချင်း သတိပေးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013