DVB Logo
Home
မြန်မာသတင်း
ပလက်ဝရှိ ပြည်သူအခြေပြုကျောင်းများတွင် ဆရာ၊ ဆရာမများ လိုအပ်နေ
DVB
·
December 13, 2022
ပလက်ဝရှိ ပြည်သူအခြေပြုကျောင်းများတွင် ဆရာ၊ ဆရာမများ လိုအပ်နေ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကြားကာလ ပြည်သူ့အခြေပြု ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ သင်ကြားရေး ဆရာ၊ ဆရာမ မလုံလောက်မှုနဲ့ ကျောင်းတွေအတွက် လိုအပ်ချက်များစွာရှိနေတယ်လို့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က သိရပါတယ်။

ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌကိုဂျွန်က “အာဏာသိမ်းပြီးနောက်ပိုင်းမှာ စကစ ကဖွင့်တဲ့ကျောင်းတွေ ရှိသလို ကျနော်တို့လို ပြည်သူ့အခြေပြုပြီး ဖွင့်ထားတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ ကျနော်တို့အတွက် အဓိက သင်ကြားရေး ဆရာ ဆရာမ လိုအပ်ချက် များစွာရှိပါတယ်။ လက်ရှိက CDM ဆရာတွေ အနည်းငယ်နဲ့ လုပ်အားပေး ဆရာတွေ အများစု ကူညီသင်ကြားနေတာပါ။ ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် လုပ်အားပေးနေတဲ့ ဆရာတွေကို ကျနော်တို့က ဉာဏ်ပူဇော်ခတွေလည်း လုံလောက်အောင် မထောက်ပံ့ပေးနိုင်ပါဘူး။ နောက် ကျောင်းသားတွေအတွက် ကျောင်းသုံး စာရေးကိရိယာတွေနဲ့ ကျောင်းအတွက် ပရိဘောဂတွေ စတာတွေ အများကြီး လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ဒေသတွင်း တည်ငြိမ်မှုမရှိတာနဲ့ ကျောင်းတွေ ပြည့်စုံလုံလောက်မှု မရှိတဲ့အတွက်ကြောင့် ကလေးတွေရဲ့ ပညာရေး များစွာ နောက်ကျနေရကြောင်းကိုလည်း ဒေသခံတဦးက ပြောပါတယ်။

“နယ်မြေထိန်းချုပ်မှုမရှိနိုင်သေးတဲ့ နေရာတွေမှာ ကလေးတွေက အရင်လို လုံလုံခြုံခြုံ ပညာသင်ကြားခွင့်လည်း မရတော့ဘူး။ အခုဆို ကျောင်းမသွားနိုင်ဘဲ လမ်းဘေးမှာ ဒီတိုင်းနေနေကြပြီး ပညာရေးနဲ့ အလှမ်းဝေးနေကြပြီ။ စစ်တပ်ကဖွင့်တဲ့ ကျောင်းတွေမှာ မတက်ချင်တာရှိတယ်၊ တချို့မိဘတွေက မထားတာတွေ ရှိတယ်ပေါ့။”

ပလက်ဝမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ညွှန်ကြားချက်နဲ့ သင်ရိုးတွေအတိုင်း ဖွင့်လှစ်သင်ကြားပေးနေတဲ့ကျောင်းတွေ ရှိသလို ဒေသတွင်း လိုအပ်ချက်အရ ဘာသာရပ်ဆိုင်ရာတွေကို ကိုယ်တိုင်သင်ရိုးညွှန်းတမ်းရေးဆွဲပြီး သင်ကြားပေးနေရတဲ့ကျောင်းတွေ ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိ ပလက်ဝမြို့နယ် ဒေသကာကွယ်ရေးထိန်းချုပ်မှုရှိတဲ့ နယ်မြေတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ညွှန်ကြားချက်နဲ့ သင်ကြားနေတဲ့ ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ပြည်သူ့ကျောင်းပေါင်း ၆၅ ကျောင်းကို ကျေးရွာပေါင်း ၅၀ ကျော်မှာ ဖွင့်လှစ်ထားပြီး ကျောင်းသား ၅,၀၀၀ ကျော်ကို ဆရာ ဆရာမ ၂၀၀ ကျော်နဲ့ သင်ကြားပေးနေပါတယ်။

အခြေခံမူလတန်းမှ အလယ်တန်းအဆင့်ထိသင်ကြားနေတဲ့ အဆိုပါ ပြည်သူ့ကျောင်းများကို ပြည်ပစစ်ဘေးရှောင်စခန်းများမှာလည်း ဖွင့်လှစ်သင်ကြားပေးပြီး လာမယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်လည်း နယ်မြေထိန်းချုပ်နိုင်တဲ့နေရာတွေမှာ NUG ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ အခြေခံပညာရေးပြီးမြောက်ကြောင်းအရည်အချင်းစစ်စာမေးပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013