
ပီရူးနိုင်ငံရဲ့ ဧပြီ ၁၂ ရက် အထွေထွေရွေးကောက်ပွဲ မဲရေတွက်မှု ကြန့်ကြာခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် ဒီအပတ်ထဲမှာပဲ ရာထူးကနုတ်ထွက်သွားခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲဟောင်းရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဧပြီ ၂၄ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ မသမာမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်း အဖြစ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး သက်သေအထောက်အထားတွေကို ရှာဖွေခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းတွေအရ ရဲအရာရှိတွေဟာ မြို့တော်လီမာ၊ မီရာဖလောရက်စ် ရပ်ကွက်မှာ ရှိတဲ့ ပီရူးနိုင်ငံ အမျိုးသားရွေးကောက်ပွဲ လုပ်ငန်းစဉ်ရုံး (ONPE) ရဲ့ အကြီးအကဲဟောင်း ပီယဲရိုး ကော်ဗက်တိုရဲ့ နေအိမ်ကို တရားရုံးအမိန့်နဲ့ ဝင်ရောက်ရှာဖွေနေတဲ့ မှတ်တမ်း ဗီဒီယိုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုအတွင်း ပီရူးရဲတပ်ဖွဲ့ဟာ အဆောက်အအုံပေါင်း ၁၂ လုံးအထိ လိုက်လံ ရှာဖွေ ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွင်း မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ လူထုရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် နေချိန်မှာပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေ ပူးပေါင်းပြီး အခုလို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း ပီရူးအစိုးရ ရှေ့နေရုံးက ပြောပါတယ်။
ဒီအမှုကို ဦးဆောင်နေတဲ့ အစိုးရရှေ့နေ ရာအူးလ်မာတီနက်ဇ်က ကော်ဗက်တိုရဲ့ နေအိမ်ကနေ လက်ကိုင်ဖုန်းတွေ၊ လက်ပ်တော့ပ်ကွန်ပျူတာတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းဖို့ အမိန့်ပေး ခဲ့တယ်လို့ ဒေသခံရုပ်သံသတင်းဌာန RPP က ဖော်ပြထားပါတယ်။
ကော်ဗက်တိုဟာ ဧပြီ ၂၁ ရက်မှာ ရာထူးက နုတ်ထွက်ခဲ့ပြီး၊ မဲရုံတွေမှာ စီမံခန့်ခွဲမှုအမှားတွေကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့သလို မဲရလဒ် ထုတ်ပြန်တာလည်း ကြန့်ကြာခဲ့တဲ့အတွက် ပြည်သူယုံကြည်မှု ပြန်ရဖို့ သူနုတ်ထွက်တာဟာ လိုအပ်ပြီး ရှောင်လွှဲမရတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
နုတ်ထွက်စာထဲမှာ သူဟာ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပြီး မပြေလည်သေးတဲ့ ကိစ္စရပ်တွေကို ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေက တဆင့် ဖြေရှင်းသင့်တယ်လို့ ပြောဆို ထားပါတယ်။
ပီရူး အမျိုးသားရွေးကောက်ပွဲ ဂျူရီအဖွဲ့က နောက်ဆုံးရလဒ်တွေကို မေ ၁၅ ရက်မတိုင်ခင် ကြေညာမယ်လို့ ပြောထားပြီး၊ သမ္မတ ရွေးကောက်ပွဲ မဲပေးမှုကို ဇွန် ၇ ရက်မှာ ကျင်းပဖို့ စီစဉ် ထားပါတယ်။
Source:Reuters










