
ထိုင်းနိုင်ငံမှာ အကြွေးဆပ်ဖို့အတွက် သင်္ကန်းဝတ်အလှူခံလိမ်လည်နေတဲ့ ဘုန်းကြီးတု အမျိုးသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Khaosod သတင်းမှာ ဇူလိုင် ၂၉ ရက်က ဖော်ပြပါတယ်။
အယုဒ္ဓယခရိုင်၊ ချင်းရက်နွိုင်းရပ်ကွက်၊ အကွက် ၈ ထဲက စပါးခင်း ကန်သင်းဘေးမှာ သင်္ကန်းဝတ်ထားတဲ့ အမျိုးသားတစု ရှိနေကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ ဖရာအင်ရက်ချာ ရဲစခန်းမှူး ရဲမှူးကြီး ချာနန် ပရမ်ပလူအမ်ဂျစ် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ကြတာပါ။
စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနေရာမှာ ယာယီစခန်းနဲ့တူတဲ့ အဝါရောင် အထည်စတွေ လွှမ်းခြုံထားတဲ့ သစ်သားတဲတခုကို တွေ့ရှိခဲ့ကြသလို ဒီနေရာဟာ လွန်ခဲ့တဲ့ မေ ၇ ရက်ကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးတဲ့ နေရာအတိုင်းပဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆေးချိန်မှာတော့ အဆိုပါ စခန်းမှာ ချိုင်ယာဖွန်ခရိုင်က လာတဲ့ အသက် ၆၃ နှစ်နဲ့ ၆၇ နှစ်အရွယ် အမျိုးသား ၂ ယောက်ကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့ဟာ သင်္ကန်း ၂ စုံ၊ သပိတ် ၂ လုံးနဲ့ လွယ်အိတ် ၂ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါအမျိုးသားတွေဟာ သံဃာတွေအဖြစ် အထောက်အထား စာရွက်စာတမ်းတွေကို ပြသနိုင်ခြင်း မရှိခဲ့သလို ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရဲ့ အချက်အလက်စနစ်မှာ စစ်ဆေးကြည့်တဲ့အခါ မှတ်ပုံတင်မှာ ရဟန်းသံဃာအဖြစ် ဖော်ပြထားခြင်းမရှိဘဲ လူပုဂ္ဂိုလ် အမည်တပ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ အမျိုးသား ၂ ယောက်ကို ဒီနေရာမှာပဲ အရင်က ဖမ်းဆီးခဲ့ဖူးတဲ့ သံသယရှိသူတွေအဖြစ် မှတ်မိခဲ့ကြပြီး အဆိုပါ အမျိုးသားတွေဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်က ဒီနေရာဆီ ပြန်ရောက်လာတာဖြစ်ပြီး အကြွေးတွေ တင်နေတာကြောင့် အသက်ဆက်ရှင်ဖို့ ဝင်ငွေလိုတာကြောင့် အလှူငွေရအောင် သင်္ကန်းဝတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။
Source: Khaosod










