DVB Logo
Home
မြန်မာသတင်း
တမူးမြို့ခံ အမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရမှုကိစ္စ စုံစမ်းအရေးယူမည်ဟု NUG ကြေညာ
DVB
·
December 6, 2022
တမူးမြို့ခံ အမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရမှုကိစ္စ စုံစမ်းအရေးယူမည်ဟု  NUG ကြေညာ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အမျိုးသမီးတယောက် နှိပ်စက် ပစ်သတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး  ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးကာ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က နိုဝင်ဘာ ၅ ရက်မှာ ကြေညာပါတယ်။

အမျိုးသမီးတယောက်ကို လူတစုက ထိုးကြိတ်နှိပ်စက်ပြီး  ပစ်ခတ်ခဲ့တဲ့ ရုပ်သံတခု လူမှုကွန်ယက်မှာ ပျံ့နှံနေတာဖြစ်ပြီး ပစ်ခတ်ခံရသူဟာ တမူးမြို့ခံ အသက် ၂၄ နှစ်အရွယ် မအေးမာထွန်းဖြစ်ကြောင်းနဲ့ ကျူးလွန်သူတွေဟာ တမူး  PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ အဆိုပါ ဖြစ်စဉ်အသေးစိတ်နဲ့ ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်သားတွေ ပါဝင်ပတ်သက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေအရ လုံးဝလက်သင့်မခံနိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွင်းဆက်တွေကို စုံစမ်းစစ်ဆေးဖော်ထုတ်မှာ ဖြစ်သလို ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြီးတိုင် အဆုံးသတ်နိုင်ရေး တော်လှန်တိုက်ပွဲ ဝင်နေကြရပေမဲ့ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲဝင်တွေလို အသိတရားမဲ့ တရားလက်လွတ် ပြုကျင့်သူတွေ မဖြစ်စေရေး ဂရုပြုကြဖို့ လိုအပ်ကြောင်း NUG က ထောက်ပြထားပါတယ်။

NUG အနေနဲ့  မုန်းတီးမှု၊ ဖိနှိပ်မှုတွေကင်းဝေးပြီး အပြန်အလှန် မှီခိုမှု၊ ကရုဏာရှိမှု၊ အပြန်အလှန် ကူညီစောင့်ရှောက်မှု တို့ကိုအခြေခံတဲ့  လွတ်လပ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မျှော်ရည်ပြီး အခုလိုကိစ္စရပ်မျိုး ထပ်မံဖြစ်ပွားတာ မရှိစေဖို့ တာဝန်ယူမှု တာဝန်ခံမှုအပြည်နဲ့ ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

မအေးမာထွန်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး  စစ်တပ်ထောက်ခံသူ အင်အား ၂၀၀ လောက်က  ဒီဇင်ဘာ ၄ ရက်နေ့မှာ  တမူးမြို့ပေါ်စီတန်းလှည့်လည်ပြီး NUG၊ CRPH၊ PDF အဖွဲ့တွေကို  အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါဆန္ဒပြပွဲမှာ  “PDF အဖွဲ့ရဲ့ သတ်ဖြတ်ခံရတဲ့  ဆရာမ အေးမာထွန်း ကောင်းရာ ဘုံဘဝ ရောက်ပါစေ RIP”၊ “PDF အကြမ်းဖက်သမားများ ကျဆုံးရေး-ဒို့အရေး အကြမ်းဖက် လုပ်ရပ်မှန်သမျှ ဆန့်ကျင်ကြ”၊ “အကြမ်းဖက်မှုအလိုမရှိ၊ အကြမ်းဖက်သမား မှန်သမျှ ချေမှုန်းကြ”စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြို့ခံတွေကတော့ မအေးမာထွန်းဟာ ကျောင်းဆရာမ မဟုတ်ကြောင်း၊ စစ်ကောင်စီ ဒေါက်တိုင် ပျူစောထီးခေါင်းဆောင်နဲ့ ဆွေမျိုးတော်စပ်သူဖြစ်ပြီး၊ စစ်ကောင်စီရဲ့သတင်းပေးဒလန်တဦးဖြစ်ကာ သူ့ရဲ့ သတင်းပေးမှုကြောင့် PDF လူငယ်တဦး ဖမ်းဆီးခံရပြီး ရက်ရက်စက်အသတ်ခံရတယ်လို့ ပြောပါတယ်။ 

တမူးမြို့ခံတစ်ဦးက " ဆန္ဒပြတဲ့သူတွေက များသောအားဖြင့် တပ်ထောက်ခံတဲ့သူတွေ ချည်းပဲ။ စော်ဘွားရပ်ကွက်က သူတွေများတယ်။ ပျူစောထီးမိန်းမတွေရောပဲ။ တမူးမြို့ကလည်း ပျူတွေ ကြီးစိုးတယ်။"လို့ ပြောပါတယ်။

မအေးမာထွန်းသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး NUGရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

“ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒီယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။ သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ လုပ်ထုံးလုပ်နည်းတွေ မှန်ကန်ဖို့လိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်။” 

မအေးမာထွန်းသတ်ခံရတာနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့  တမူး PDF တပ်ရင်း(၄)က တာဝန်ရှိသူတချို့ကို ဒီဗွီဘီက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013