
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စိန္နဘော်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ စိန္နဘော်ပင်ကို သိပ္ပံလို Lantana camara လို့ခေါ်ပြီး အင်္ဂလိပ်လို lantana, shrub verbena, big-sage, wild-sage, red sage, white sage, tickberry, Spanish flag လို့ ခေါ်ကြပါတယ်။
စိန္နဘော်ပင်မှာ crude protein, crude fibre, ash, moisture, while crude fat, germacrene-D, elemene, caryophyllene, copaene, cadinene, cadinene, flavonoid, Saponin, triterpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ ချွဲပျော်စေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းစတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ စိန္နဘော်ပင်ရဲ့ အပွင့်၊ အရွက်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။ စိန်နဘော်အရွက်မှာ ပြင်းထန်တဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး အာနိသင်များ ပါဝင်တာကြောင့် ဒဏ်ရာတွေ၊ ထိခိုက်ရှနာတွေ၊ သွေးစုနာနဲ့ အရေပြားပိုးဝင်ခြင်းတွေမှာ အရွက်လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပြီး အနာကျက် မြန်စေပါတယ်။ ချိုင့်ခွက်အနာ၊ ပြည်တည်နာနဲ့ မီးလောင်ဒဏ်ရာတွေ အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် အနာကျက် မြန်စေပါတယ်။ အရေပြားယားယံခြင်း၊ နှင်းခူနဲ့ အင်ပြင်/အဖုအပိန့်တွေမှာ အုန်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်း၊ အင်းဆက်ပိုးမွှားကိုက်ခြင်း စတဲ့ ရောင်ရမ်းနာကျင်ခြင်းတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်း၊ အရွက်ကို ထုထောင်း အုံပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုကို လျှော့ချပေးပါတယ်။ အရွက်ပြုတ်ရည် ဟင်းစားဇွန်း ၂ ဇွန်းကို ရေများတွေနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အပင်ရွက်ဟာ ချွဲပျော်စေတဲ့ အာနိသင် ရှိတာကြောင့် အသက်ရှူလမ်းကြောင်းအတွင်း ချွဲသလိပ်တွေကို ပြေလျော့စေပြီး လေလမ်းကြောင်းကို ရှင်းလင်းစေတာကြောင့် ပန်းနာရင်ကျပ်၊ ချောင်းဆိုး၊ လည်ချောင်းနာနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေမှာ စိန်နားပန်ရွက် ရေနွေးကြမ်း တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို သက်သာစေပါတယ်။
ချောင်းဆိုးခြင်းအတွက် အရွက်ခြောက်မှုန့် ကော်ဖီတဇွန်းကို ပျားရည် ကော်ဖီတဇွန်း ထည့်ပြီး ရေနွေးနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးငွေ့ကို ရှူပေးခြင်းက အသက်ရှူလမ်းကြောင်းကို သက်သာစေပါတယ်။
အရွက်နဲ့ ပန်းပွင့်တွေမှာ အဖျားကျဆေးအာနိသင် ရှိတာကြောင့် ကိုယ်ပူ ဖျားနာခြင်းတွေမှာ အရွက်/အပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အဖျားကို လျှော့ချပေးပါတယ်။
ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနဲ့ အူလမ်းကြောင်း သန်/တုတ်ကောင် ရောဂါတွေမှာ ပြုတ်ရည်ကျကျ ဟင်းစားဇွန်းတဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့တကြိမ် ၃ ရက်လောက် သောက်ပေးနိုင်ပါတယ်။
စိန္နဘော်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ စိန္နဘော်ပွင့်နဲ့ ဓာတ်မတည့်သူတွေ စိန္နဘော်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေ သုံးစွဲခြင်း မပြုသင့်ပါ။ အသည်း၊ ကျောက်ကပ် ချွတ်ယွင်းသူတွေ၊ ဟော်မုန်းဆိုင်ရာရောဂါရှိသူတွေ စိန္နဘော်ပင် ဆေးဝါးတွေကို ရှောင်ကြဥ်ပါ။
နွေဦးပြည်သူတွေ စိန္နဘော်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










