အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ အန်တွမ်ဂရစ်ဇ်မန်းဟာ လာမဲ့ ဇူလိုင်လမှာ အမေရိကန် MLS ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဂရစ်ဇ်မန်းဟာ အော်လန်ဒိုအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ ကစားနိုင်မဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာပါ။
သူဟာ ၂၀၁၄ ခုနှစ်မှာ အက်သလက်တီကို,ကို စတင်ရောက်ရှိခဲ့ပြီး ၂၀၁၈ မှာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို ကလပ်အသင်းအတွက် ၄၈၈ ပွဲကစား၊ ၂၁၁ ဂိုး သွင်းယူပေးထားပြီး ဂန္ထဝင် လူးဝစ်အာရာဂိုးနက်စ်ရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ထားသူ ဖြစ်ပါတယ်။
ဂရစ်ဇ်မန်းက “ဒီကလပ်ဟာ ကျနော့်ရဲ့အိမ်ဖြစ်သလို ပရိသတ်တွေကလည်း ကျနော့်မိသားစုပါပဲ” လို့ နှုတ်ဆက်စကား ပြောကြားခဲ့သလို မထွက်ခွာခင် ကျန်ရှိနေတဲ့ လပိုင်းအတွင်းမှာ Copa del Rey (ဘုရင့်ဖလား) နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အသင်းအတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။










