
အီရန်စစ်ပွဲဂယက်ကြောင့် ကမ္ဘာတဝန်း လောင်စာဆီအကျပ်အတည်းဆိုက်နေချိန် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်တက်နေပြီး ဒီတပတ်မှာတော့ ဒီဇယ် တလီတာဟာ ကျပ် ၆,၀၈၅ အထိ ထပ်မံမြင့်တက်လာပါတယ်။
စစ်ကောင်စီလက်အောက်ခံ ‘စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ’က မတ် ၂၇ ရက် ထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ 92 Ron တလီတာ ဟာ ကျပ် ၄,၄၅၀ အထိ မြင့်တက်လာခဲ့ကာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ကျပ် ၈၄၀ ဈေးတက်လာသလို 95 Ron တလီတာဟာ ကျပ် ၄,၉၅၀ ဖြစ်လာပြီး လွန်ခဲ့တဲ့ သီတင်းပတ်က ထက် ကျပ် ၁,၁၂၅ မြင့်တက်လာပါတယ်။
အလားတူ ဒီဇယ် တလီတာဟာ ကျပ် ၅,၄၅၀ ဖြစ်လာကာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ကျပ် ၁,၀၆၀ မြင့်တက်လာသလို ပရီမီယံဒီဇယ်ကလည်း တလီတာကို ကျပ် ၆,၀၈၅ ဖြစ်လာတာ ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ကျပ် ၁,၂၆၅ မြင့်တက်လာခဲ့ပါတယ်။
အီရန်စစ်ပွဲမစခင် ဖေဖော်ဝါရီ ၂၇ ရက်မှာ 92 Ron ဈေးနှုန်းက တလီတာကို ကျပ် ၂,၄၁၅ ၊ 95 Ron က ကျပ် ၂,၄၈၀ ၊ ဒီဇယ်က ကျပ် ၂,၅၆၅ ၊ ပရီမီယံက ကျပ် ၂,၈၄၅ သာ ရှိခဲ့လို့ လေးပတ်အတွက် စက်သုံးဆီတွေဟာ ၈၀ ရာခိုင်နှုန်းကနေ ၁၁၀ ရာခိုင်နှုန်းကျော် အသီးသီး မြင့်တက်လာပါတယ်။
အဲဒီလို ဈေးမြင့်တက်လာတဲ့အပြင် စက်သုံးဆီလိုသလောက် ဝယ်ယူလို့ မရနိင်တာကြောင့် မော်တော်ယာဉ်တွေဟာ နာရီပေါင်းများစွာ ညဘက်အထိ တန်းစီပြီး ဝယ်ယူနေရပါတယ်။
မတ် ၂၆ ရက်က အသက် ၆၉ နှစ်အရွယ် တေးသံရှင် ပက်ထရစ်တင်ထွန်း (ခေါ်) ဦးတင်ထွန်းဟာ ရန်ကုန်မြို့မှာ ဆီဝယ်ယူဖို့ တန်းစီရင်း သေဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီကလည်း နိုင်ငံတဝန်း စက်သုံးဆီ ချွေတာဖို့ဆိုပြီး ကားတွေကို လိုင်စင်နံပါတ် အလိုက် ခွဲပြီး စုံရက်/မရက်မှာပဲ မောင်းခိုင်းတာ၊ စက်သုံးဆီရောင်းချရာမှာ QR ကုတ်စနစ် အသုံးပြုပြီး ကန့်သတ် ရောင်းချတာတွေ လုပ်နေပါတယ်။








