
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၈ နှစ်ရှိ သန်ပန်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်လင်းကို ဒီနေ့ မနက် ၁ နာရီ လောက်မှာ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်က အိမ်စီကား ၂ စီးနဲ့ ဖမ်းခေါ်သွားကြတာ လို့ ကျောက်ဖြူမြို့ ခံတယောက်က ပြောပါတယ်။
ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ အတိကျမသိရသေးပေမဲ့ ရက္ခိုင်တပ်တော် အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလော အဲဒီ အုပ်ချုပ်ရေးမှူးကို ကျောက်ဖြူအခြေစိုက် ခမရ ၃၄ တပ်ရင်းကို ပို့ဆောင်ပြီး စစ်ကြောရေး လုပ်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူ ၄၃ ယောက်ကို ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်ပြီး အမှုဖွင့်ထား တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။