DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာ ရုံးပိတ်ရက်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းမြင့်တက်လာရန် လုပ်ငန်းရှင်များ မျှော်မှန်း
DVB
·
November 26, 2022
ဒီဇင်ဘာ ရုံးပိတ်ရက်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းမြင့်တက်လာရန် လုပ်ငန်းရှင်များ မျှော်မှန်း
Donate to DVB

မြန်မာနိုင်ငံနေရာတော်တော်များများမှာ တိုက်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေရှိနေပေမဲ့ လာမယ့် ဒီဇင်ဘာရုံးပိတ်ရက်ရှည်၊  ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ချိန်တွေမှာတော့  ပြည်တွင်း အပန်းဖြေခရီးသွားလာမှုတွေ  မြင့်တက်လာမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာလည်း အဲဒီ ကာလတွေအတွင်း  ခရီးသွားဖို့ ခရီးစဉ် ကြိုတင် ဝယ်ယူမှုတွေ အများအပြား ရှိနေပြီလို့  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လာမယ့် ခရစ်စမတ်နဲ့ New year အချိန်တွေမှာဆိုရင် အများကြီးခရီးသွားကြဖို့အတွက်  ကြိုတင်ပြင်ဆင်ပြီး ဘိုကင်တွေ ကြိုတင်ထားကြတာ တွေ့ရတယ်။ လေယာဉ်လက်မှတ်တွေရော၊ ကားလက်မှတ်တွေရော၊ ကြိုဝယ်ထားကြတာ အများကြီးတွေ့ရပါတယ်” လို့ အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အထူးသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ သွားရောက်လည်ပတ်မှုများတဲ့ ပုဂံဒေသမှာ လာမဲ့ ခရစ်စမတ်ရက်အတွက် ဟိုတယ် အားလုံးနီးပါး ဘိုကင်ပြည့်နေပြီလို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။ 

မြန်မာပြည်တွင်း ဒေသအချို့မှာ မတည်ငြိမ်မှုတွေ၊ လုံခြုံရေးအရ စိန်ခေါ်မှာတွေရှိနေပေမဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင် ရုံးပိတ်ရက်တွေမှာ ပြည်တွင်းခရီးသွားလာလည်ပတ်မှုတွေ ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ်တိုးတက်မှုရှိခဲ့ပါတယ်။ 

“လက်ရှိ ကျွန်တော်တို့ သိရှိထားတဲ့ အချက်အလက်တွေအရ ပြည်တွင်းခရီးသွား ကတစ်သန်းကနေ နှစ်သန်းကြား ဝင်ရောက်မှု၊ သွားလာမှုရှိတယ်လို့ ကျန်တော်တို့ အနေနဲ့ အကြမ်းမျဉ်း ခန့်မှန်းလို့ရပါတယ်။  လက်ရှိ အခြေအနေအတိုင်းဆိုရင်  ပြန်ပြီးတက်လာမယ်လို့ မှန်းပေမဲ့ အကြောင်းကြောင်းကြောင့် ပျက်သွားတာမျိုးလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒီအရှိန်အဟုန်အတိုင်း သွားနေရင် မကြာခင်အတွင်းမှာ ကျွန်တော်တို့ခန့်မှန်းထားတဲ့ ပြည်တွင်းခရီးသွား၂သန်းလောက်ကို မှီလာလိမ့်မယ်” မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပါတယ်။ 

ပဋိပက္ခ ဖြစ်ပွားမှု နည်းပါးတဲ့ ဒေသတွေဖြစ်တဲ့ ကမ်းခြေဒေသတွေနဲ့ ပုဂံဒေသ၊  မန္တလေး၊ ပြည်ဦးလွင်၊ ရှမ်းပြည်နယ် ကလော၊ တောင်ကြီး အင်းလေးစတဲ့ ဒေသတွေဆီ ပြည်တွင်းခရီးသွားတွေလည်ပတ်မှု များခဲ့တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မွန်ပြည်နယ်တို့လို ဒေသတွေမှာတော့  နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်ရေးပပက္ခတွေ၊ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် ခရီးသွားဝင်ရောက်မူ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

အခုနှစ် ဧပြီလက စပြီး ပြည်တွင်းခရီးသွားလာ လည်ပတ်တာတွေ ရှိလာပေမယ့် ကိုဗစ်ရောဂါ မဖြစ်ပွားမှီ ပြည်တွင်းခရီးသွား အခြေအနေနဲ့ ယှဉ်ရင်တော့ ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းသာ ပြန်လည် ဝင်ရောက်မှုရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ခန့်မှန်းထားကြပါတယ်။ လာမယ့် နွေရာသီ ကျောင်းပိတ်ရက်ရှည်မှာလည်း ပြည်တွင်းခရီးသွားလာမှုတွေ ထပ်ပြီးတိုးတက်လာဖို့ လုပ်ငန်းရှင်တွေက မျှော်မှန်းထားကြပြန်ပါတယ်။

ကိုဗစ်မတိုင်မီက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးခဲ့တဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ တစ်နှစ်ကို  ပုံမှန်အားဖြင့် ခရီးသွားဧည်သည် အရေအတွက်ဟာ ၁၀ သန်းဝန်းကျင် လောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခရီးသွားကဏ္ဍဟာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှုအကျိုးဆက်ကိုလည်း ဆက်ခံခဲ့ရတာကြောင့် ပုံမှန် အခြေအနေကို ပြန်ရောက်ဖို့ဆိုရင် နှစ်အနည်းငယ် အရှိန်ယူဖို့ လိုအပ်မယ်လို့လည်း  လုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013