
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်က ဖမ်းဆီးသွားပြီး ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဘုန်းကြီးကျောင်းမှာ SNA ကို တပ်စွဲခွင့်မပြုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာတော်ကို မေ ၁၄ ရက်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးကိုလည်း ဆရာတော်နဲ့ ဆက်စပ်တဲ့အတွက် ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်ဘက်က ၃ ယောက်က ဖမ်းခေါ်သွားကြတာ။ ဒီနေ့အထိ ပြန်မလွတ်သေးဘူး။ လူဝတ်လဲပြီး ဖမ်းသွားတာပဲ။ ဆရာတော်က ဘုန်းကြီးကျောင်းမှာ သူတို့ တပ်စွဲမှာကို လက်မခံတာကြောင့်လို့လည်း ပြောတယ်။ တချို့က ထောက်ပို့ထီ ရောင်းတယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းတယ်လို့လည်း ပြောတယ်။ အုပ်ချုပ်ရေးမှူးကိုကျ ဆရာတော်နဲ့ ဆက်စပ်လို့တဲ့” လို့ DVB ကို ပြောပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ အင်ကြင်းကုန်းရွာက သက်တော် ၅၄ နှစ်နဲ့ ဝါတော် ၃၄ ဝါရှိတဲ့ ကျောင်းထိုင်ဆရာတော် ဦးကေသရကို မေ ၁၄ ရက်မှာ ကညှင်မြိုင်အခြေစိုက် SNA တပ်မဟာ ၅၆၅ ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အဲဒီနောက် ဆရာတော်ကို မိုးကောင်းအခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၃) ကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေသလို အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေနဲ့ SNA ပူးပေါင်းစစ်တပ်တို့ဟာ မိုးညှင်း၊ မိုးကောင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ဖောင်းပြင်ဒေသတွေမှာ စစ်ရေးတင်းမာနေပါတယ်။











