
(က)
ဒီမနက် အဘစောမူးသာတို့အိမ်ရောက်တော့ အဘလုံးတုံးနဲ့ အဘစိမ်းမောင်ပါ ရောက်နှင့်နေကြပြီ ဖြစ်၏။
" လာဟေ့ လေရှီးက လူပျိုသိုး ဖေကြီး "
" ဟားဟား ဟားဟား ဟားဟား . . . "
" သိုး ' တော့မသိုးသေးပါဘူး အဘတို့ရာ . . လတ်လတ်ဆတ်ဆတ် လန်းလန်းဆန်းဆန်းကြီး ရှိပါသေးသဗျား။"
" ဝါး ဟားဟား ဟားဟား ဟားဟား . . "
" ဒီငတိ အကြံအစီ ရှိပုံရသကွ အာဟ "
သည်မနက် ရွာ့တောင်ကျောင်းကိုသွားဖို့ မနက်စောစော ချိန်းထားကြတာ။ လိုက်ရမှာတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။ တောင်ကျောင်းက သူတို့ငယ်ပေါင်း ပြောမနာဆိုမနာ ဆရာတော် ' စိမ်းသရဖူစိမ်း ' ကိုယ်တော် ဦးစိတ္တ . . . အဲ . . . သူတို့အခေါ် ' ဦးအစိမ်းတ ' နဲ့ဆုံရမှာ မဟုတ်လား။
(ခ)
ကျောင်းပေါ်ရောက်တော့ ဆရာတော်က ထုံးစံအတိုင်း TV ကြည့်နေပါလေ၏။ 'ဘယ်လိုင်း ' ဖြစ်ရမလဲဗျာ . . ထုံးစံမပျက် ' မြဝတီ' ပဲပေါ့။ အဘစောမူးသာနဲ့ အဘလုံးတုံးတို့က ဖေကြီးကို မျက်ရိပ်ပြကြတယ်။ ဒါကြောင့်ပြော တာ . . ' မျက်ခုံးတွေ ခပ်လှုပ်လှုပ် ' ပါလို့။
" အိမ်း . . မူးသာတို့ လုံးတုံးတို့ သိမ်းမောင်တို့ . . . အဲ . . . ဟိုသူငယ် ဘယ်သူ . . . "
" ' ဖေကြီး ' ပါ ဘုရား "
" အိမ်း . . . ထိုင်ကြလကွဲ့ . . . ကပ္ပိယ ဟိုကောင် မဲလုံး ရေနွေးဝိုင်းချပေးလိုက်အုံး "
ရေနွေးကြမ်းဝိုင်းမှာ ' မြည်း ' စရာကား စုံလှပါပေ၏။ လက်ဖက်သုပ်၊ ပေါင်မုန့်သကြားရေစမ်း၊
ဝါးဥပြုတ်သုပ်၊ သခွားမွှေး၊ တို့ဟူးကြော် . . . စုံမှစုံပါ ခင်ဗျ။ စားနေရင်းကနေ ရုတ်တရက် သတိရမိသွားတာကား အသက်လုကာ ' ပြေးလွှား ' နေရပြီးကျီးလန့်စာစား 'စားရမဲ့ သောက်ရမဲ့ ' ရွာများက အမျိုးများကိုပါ။
" မူးသာတို့ လုံးတုံးတို့ သိမ်းမောင်တို့ . . . မင်းတို့ ညက ' သတင်း ' ကြည့်ကြလား "
" တင်ပါ့ဘုရား . . . ကြည့်ဖြစ်ပါတယ် "
" ဘာထူးလဲ သိမ်းမောင် "
" မြဝတီသတင်းမှာ ' အကျဉ်းသားတွေ '
လွှတ်ပေးတာတွေ့ရပါတယ် ဘုရား "
အဘစိမ်းမောင်က အားတက်သရော ဦးစွာ ဖြေပါလေ၏။ ပြီးမှ အဘစောမူးသာနှင့် စစ် ပြန်ကြီး အဘလုံးတုံးတို့နှစ်ဦးက ဖြေပါ၏။
" တပည့်တော်တို့လည်း ကြည့်ဖြစ်ပါတယ်ဘုရား . . . . ဒါပေမဲ့ ' မြဝတီ ' လိုင်းကနဂိုကတည်းက ' ဝေေ၀ဝါးဝါး ' မို့ PSI ကလာတဲ့ DVB တို့၊ PV တို့၊ BBC တို့၊ RFA တို့၊ Mizzima တို့ကိုပဲ ကြည့်ဖြစ်ကြပါတယ်ဘုရား။"
ဆရာတော်ကား မျက်နှာတစ်ချက်တည်သွားပါလေ၏။ ငယ်ပေါင်းတွေ ငယ်ငယ်ကတည်းက ' ပြောမနာ ဆိုမနာတွေ ' ဆိုတော့လည်း ဒီလိုပဲ ထင်ပါရဲ့ဗျာ။ သူတို့အခေါ် ဆရာတော် ' ဦးအစိမ်းတ ' ကား ထထွက်သွားကာ ကွမ်းတံတွေးကို ထွေးတော်မူနေပါလေ၏။
(ဂ)
ကွမ်းတံတွေး ထွေးတော်မူပြီးနောက် ပြန်ရောက်လာပြီး စကားဝိုင်းကို ဆက်ကြပါလေ၏။ ညက ' မြဝတီ ' သတင်းဟာ ' မင်္ဂလာ ' ရှိကြောင်း၊ မင်းကောင်းမင်းမြတတို့ရဲ့ စေတနာ မေတ္တာကို မြင်ရကြောင်းမိန့်ကြားပြောဆိုပါလေ၏။
' ၁၀၂ နှစ်မြောက် အမျိုးသားနေ့ ' နေ့ထူးနေ့မြတ်ကြီးမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ မင်္ဂလာရှိလှကြောင်း၊' နစက ဥက္ကဋ္ဌ ' ရဲ့ ' မေတ္တာတရား ' က ကြီးမားလှကြောင်း၊ အာဏာကို မသိမ်းချင်ဘဲ မတတ်သာလို့ ထိန်းခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးကိုကျေးဇူးတင်ရမည်သာဖြစ်ကြောင်း ' တံတွေးထောင်းထောင်းထ ' အားရပါးရ မြွက်ဟပါလေ၏ ခင်ဗျာ။
ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်နှင့် ဆရာတော်တို့ကား အတိုင်အဖောက် ညီသလားမမေးနှင့်။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ နှစ်ဦးက ဖေကြီးကို ပြိုင်တူပြုံးပြကြပါ၏။ သူတို့အပြုံးမှာ အချက်ပေးသံ ' ပါသလိုပါပေ။ ခဏအကြာမှာ အဘစောမူးသာကဤသို့ လျှောက်တင်ပါလေတော့၏။
" ဒါနဲ့ အရှင်ဘုရား . . အရှင်ဘုရားတို့ရဲ့ 'နစက ' ဥက္ကဋ္ဌကြီးက အာဏာကိုဘာကြောင့်များ ထိန်းခဲ့ရတယ်လို့ ပြောခဲ့တာပါလဲ။"
" အဲ . . . ' မဲစာရင်း ' တွေ သောက်သောက်လဲ မှားလို့ပေါ့ကွ "
" ဒါဆိုရင် . . . အခုပြန်လွှတ်ပေးတဲ့ ဆရာမောင်သာချိုတို့ ၊ ကိုမြအေးတို့ ၊ ရွှေညဝါဆရာတော်တို့ စတဲ့သူတွေကို မဲစာရင်းနဲ့ ဘာမှမဆိုင်ဘဲ ဘာဖြစ်လို့ဖမ်းခဲ့ပြီး အခုမှ ပြန်လွှတ်ပေးရတာလဲ။"
" အဲ . . . အဲဒါက . . . "
" ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရတစ်ဖွဲ့လုံးကို ဖမ်းခဲ့တယ်။ ပြီးတော့ ခုနက ဆရာမောင်သာချိုတို့၊ ကိုမြအေးတို့၊ ဆရာထင်လင်းဦးတို့၊ ဆရာမဒေါ်သန်းမြင့်အောင်တို့၊ ဆရာစည်သူအောင်မြင့်တို့၊ စောဖိုးခွားနဲ့ တခြား စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ရုပ် ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေကိုလည်း ဖမ်းခဲ့တာနော်။"
" အဲ . . . အင်း . . . အဲဒါတွေကလည်း အကြောင်းရှိလို့နေမှာပေါ့ကွာ "
" ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . "
စကားဝိုင်းအခြေအနေကား စိုးရိမ်ရေမှတ် နားသို့ ကပ်လာသလိုလိုပါပေ။ သည်အချိန်မှာ ကျောင်းပေါ်သို့ မြို့လေးပေါ်က ဒကာတစ်ဦးရောက်လာ၍ဆိုကာ ' ထွက်ပေါက် ' ရသွားပြီး သည်ဝိုင်းသို့ မခေါ်ဘဲ မလှမ်းမ ကမ်းမှာ နောက်ထပ်တစ်ဝိုင်းပြင်ခိုင်းကာ အဲသည်မှာ ထိုင်တော်မူပါလေ၏။
ဤသို့ထိုင်တော်မူနေသော်ငြား ' နားတော် ' ကား သည်ဘက်ဝိုင်းဆီသို့သာ စွင့်ထားတာ မြင်ရပါလေ၏ ခင်ဗျာ။
(ဃ)
အဘစောမူးသာနှင့် အဘလုံးတုံးတို့ကလည်းဆရာတော့်အစား အဘစိမ်းမောင်ကို ကြားခံထား၍ ဆရာတော် ' ကြား ' တော်မူအောင် စွမ်းဆောင်တော်မူကြပါလေ၏။
" ဒီတော့ကွာ . . . ' မဲမသမာမှု ' နဲ့ အာဏာ သိမ်းခဲ့တယ်ဆိုတာ ဘယ်လိုများ နားလည်ရ မှာလဲ စိမ်းမောင်ရာ။ "
" အဲ . . . အင်း . . . ဟိုကွာ . . . ဒီလို . . . "
အဘစိမ်းမောင်ကား စကားစ ရှာမရ။ ဆရာတော်ကား ဟိုဒကာနှင့် ပြောနေပေမင့် သည် ဝိုင်းသို့သာ နားကို ကားကားစွင့်လျက်။
အဘစောမူးသာနှင့် အဘလုံးတုံးတို့က တက်ညီလက်ညီ ဆက်၍ အပီ ' လွှတ် ' ကြပါလေ၏။
ညကပြန်လွတ်တဲ့သူတွေထဲက ဆရာမောင်သာချိုကို BBC က ဗျူးတာ နားထောင်ခဲ့ရကြောင်း၊ သူ့ကို ဘာကြောင့်ဖမ်းသလဲလို့ မေးတော့ "NLD အစိုးရလက်ထက်က 7DAY သတင်းစာမှာ အပတ်စဉ်ရေးခဲ့တဲ့ ဆောင်းပါးတွေက ' ငြိ ' စွန်းလို့ လို့ ပြောပါတယ် " လို့ ဖြေကြောင်းသိရပါလေရာ အင်မတန်ကို အံ့သြရပါပေ၏ ခင်ဗျာ။
" မင်း စဉ်းစားကြည့်ကွာ စိမ်းမောင်ရာ . အရေးအသား ငြိလို့စွန်းလို့ ဆိုရင် အဲသည် ကာလ တည်ဆဲအစိုးရ NLD က ဖမ်းရမှာ လေကွာ . . . ဟုတ်တယ်မဟုတ်မလား "
" အင်း . . . အဲ . . . အေး . . . ဟိုကွာ . . "
အဘစိမ်းမောင်ကား ချေပစရာစကား ရှားပါးနေပြီထင့်။ တစ်ဖက်ဝိုင်းမှ ဆရာတော် ဦးအစိမ်းတလည်း တစ်ခုခု လှမ်းပြောချင်နေသလိုလိုပါပေ။ အဘလုံးတုံးကလည်း ဤသို့ ဝင်၍ ' လွှတ် ' ကာ ဆွေးနွေးပါလေ၏ ခင်ဗျာ။
" ဘာပဲဖြစ်ဖြစ်ကွာ . . . စစ်သားပီပီ၊ ယောက်ျားပီပီ၊ " ငါ သိမ်းချင်လို့ သိမ်းတယ်ကွာ . . . ငါ့ရှေ့က ကာကွယ်ရေးဦးစီးချုပ် အဘ ဆရာတွေလိုပဲ ငါလည်း ' နိုင်ငံ့ နံပတ်တစ် ' နေရာခုံမှာ ထိုင်ချင်လို့ သိမ်းတယ်ကွာ " လို့ ရဲရဲတင်းတင်း ပြောရဲရမှာ . . အခုတော့ ယောက်ျားမပီ မသ . ဟိုဟာပြောလိုက် သည်ဟာပြောလိုက်ပါဗျား . . . "
" ဟားဟား ဟားဟား ဟားဟား . . . "
ဆရာတော်ကား ကြားတော်မမူနိုင်ပြီထင့်၊ သည်ဘက်ဝိုင်းသို့ ပြန်၍ကြွတော်မူလာပါ လေတော့၏။ စစ်ကူ ပစ်ကူ ရောက်တော် မူလာပြီဖြစ်၍ အဘစိမ်းမောင်လည်း အ သက်ရှူ ချောင်လာပုံပါပေ။ ဆရာတော်က နောက်ထပ်တစ်ခုကို ချပြလာပြန်ပါလေ၏။
" နစကဥက္ကဋ္ဌရဲ့စေတနာကတော့ လက်ဖျား ခါလောက်ပါပေတယ်ကွာ . . . ညကသတင်း ထဲမှာ မင်းတို့တွေ့တယ်မဟုတ်လား . . ' ဘွဲ့ထူး ဂုဏ်ထူးတွေ ' ချီးမြှင့်တာကို "
" တွေ့တာပေါ့ဘုရား . . . ၂၀၁၀ ကနေပြီး ၂၀၂၁ ခုနှစ်ကာလအတွင်း တာဝန်ကျေပြွန် စွာ ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေကို ပေးတာလေ "
" အေးကွ . . . အဲသည်မှာ တွေ့လား . . . . အခု အရေးယူခံထားရတဲ့ NLD အစိုးရအဖွဲ့ ဝင် ဝန်ကြီးတွေလည်း တစ်ပုံကြီးပါသကွ "
" ဟားဟား ဟားဟား ဟားဟား . . . . "
" မင်းတို့က ဘာထရယ်တာလဲ မူးသာနဲ့ လုံးတုံး "
" သဘောကျလို့ ရယ်မိကြတာပါ ဘုရား . . "
" အဲသည်မှာကြည့်ကွာ . . NLD ရဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်တို့၊ စိုက်ပျိုးရေး ဝန်ကြီး ဒေါက်တာအောင်သူတို့၊ ပို့ဆောင်ရေး ဝန်ကြီး ဦးသန့်စင်မောင်တို့၊ ဦးမော်သန်းတို့ . . စသည်ဖြင့်ကို ' သီရိပျံချီ ' ဘွဲ့တွေ ချီးမြှင့်ခဲ့သကွ "
" သြော် . . . အဟုတ်ပါလား ဘုရား "
" အိမ်း . . ပြီးတော့ ကြည့်အုံးကွာ . . NLD အစိုးရလက်ထက်မှာ လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးအေးသာအောင်တို့၊ NLD ရဲ့ ပြန်ကြားရေး ဒုဝန် ကြီး ဦးအောင်လှထွန်းတို့ ဘာတို့ကိုလည်း' ဝဏ္ဏကျော်ထင် ' ဘွဲ့ထူးဂုဏ်ထူးတွေ ချီး မြှင့်ပေးအပ်ခဲ့တာ ကြည်နူးစရာကွာ "
" အင်း . . . ဒီလိုဆိုတော့လည်း ကြင်စိုး သာ၀ မအလ က ဘယ်ဆိုးလို့လဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ . "
" အဲဒါပဲကွ . . နိုင်ငံ့ခေါင်းဆောင် ဆိုတာ "
" ဟားဟား ဟားဟား ဟားဟား "
" မင်းတို့က ဘာထရယ်ပြန်တာလဲ "
အဘစောမူးသာနှင့် အဘလုံးတုံးတို့က မျက်နှာပိုးသတ်လိုက်ကြပြီး တစ်ဦးကို ကြည့်ကြပါ၏။ ပြီးတော့ ဖေကြီးကို ပြိုင်တူကြည့်ကြကာ ' လျှို့ဝှက်အပြုံး ' လေးများ ပို့လွှတ်ကြပါ၏။ သည့်နောက်မတော့ ဦးအစိမ်းတ ကိုယ်တော်ဘက်လှည့်ကာ လျှောက်ထားကြပါလေတော့၏ ခင်ဗျာ။
" အရှင်ဘုရားတို့ရဲ့ မေတ္တာတရား အလွန် ကြီးမားတော်မူလှတဲ့ ' နစက ' ဥက္ကဋ္ဌကြီး ကိုလည်း ပြည်သူလူထုက ' တစ်ဦးမေတ္တာတစ်ဦးမှာ ' ဆိုသလို ' ဘွဲ့ထူး ဂုဏ်ထူး ' တွေ ပြန်လည် ချီးမြှင့်ပေးအပ်ဖို့ စီစဉ်နေကြပါတယ် ဘုရား။ "
" ဟေ . . . ဟုတ်လားဟ . . . "
" တင်ပါ့ဘုရား . . . သူ့ကို ပြည်သူလူထုကြီး တစ်ရပ်လုံးက ' စ ရ က ' ဘွဲ့ကော ' စ ပ က ' ဘွဲ့ကောအပြင် ' စ က က ' ဘွဲ့ပါ ချီးမြှင့်မှာပါတဲ့ ခင်ဗျ။ "
" ' စ ရ က ' တို့ ' စ ပ က ' တို့ ' စ က က ' တို့ရဲ့ အရှည်ကောက်က ဘာတွေတုန်းဟ "
ထိုအခါ အဘစောမူးသာနှင့် အဘလုံးတုံးတို့ က မျက်လုံးများ မှေးစင်းပြီး ပါးကြီးများ ပြည့်
ဖောင်းလာသည်အထိ အားပါးတရပြုံးကာ ဤသို့ ပြောကြားပါလေ၏ ခင်ဗျာ။
" အခုတော့ သူ့နာမည်ဟာ ' စရက စပက စကက မအလ ' လို့ ဖြစ်သွားပါပြီ ဘုရား "
" အေးလေ . . . အဲဒါဘာတွေတုန်းဟ . . "
" ' စောက်ရူးကြီး၊ စောက်ပေါကြီး၊ စောက် ကြောင်ကြီး မ အ လ ' လို့ ဖြစ်ကြောင်းပါတဲ့ ဘုရား "
" ဟားဟား ဟားဟား ဟားဟား . . . "
ချုပ်ထိန်းထားသည့်ကြားမှ ရုတ်တရက်ကြီး ပြိုင်တူရယ်ချလိုက်မိကြသည့်အခါ သူတို့ငယ်ပေါင်း ဦးအစိမ်းတကိုယ်တော်မှာ မျက်နှာကြီးရှုံ့မဲ့လျက် မျက်လုံးစိမ်းကြီးများဖြင့် ကျွန်ုပ်တို့ သုံးဦးအားကြည့်ပြီးသကာလ အစိမ်းရောင် သုတ်ထားသည့် တောင်ကျောင်းပေါ်မှ နှင် ချတော်မမူခင် ကျွန်ုပ်တို့မှာ ဆရာတော်အား ဦးသုံးကြိမ်အမြန်ချ၍ ထပြီးလစ်ခဲ့ကြပါလေတော့သတည်း။
" ဟီးဟီး ဟီးဟီး ဟီးဟီး . . . . . . "
ဖေကြီး (လေရှီး)