
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းမှာ စစ်ကိုင်းကနေ မုံရွာဘက်သွားတဲ့ စစ်ကောင်စီကားတန်း နဲ့ မုံရွာ ကနေ စစ်ကိုင်းဘက်သွားတဲ့ စစ်ကောင်စီကားတန်းတို့ နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မြင်းမူမြို့နယ် အလ္လကပ္ပရွာ နဲ့ ဝမ်းပြည့်ရွာကြားမှာ (၅) ကြိမ် နဲ့ မြင်းမူနဲ့ ဝမ်းပြည့်ရွာကြားမှာ (၁) ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ၂၀ လောက်ရှိတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။
“မဟာမိတ်တွေက ပဒေသာမိုင်း (၆) ပွိုင့်ဆွဲပြီး ၄၀ မမ များနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သား သေကြေထိခိုက်သူ ၂၀ ခန့်ကို ညောင်ပင်ဝန်းစခန်းမှာ သယ်ယူထားတယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ဆိုပါတယ်။
တိုက်ခိုက်မှုတွေကို People’s Army To Fight Dictatorship (PAFD) , တပ်ခွဲ DK PDF (MMU) ၊ People’s Knight Defense Force Myinmu (PKDF - MMU)၊ TAUNGTHA People Defense Force (TT APDF)၊ D.B.B.F MMU စတဲ့မဟာမိတ်များက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကို မောင်းလာတဲ့ စစ်ကောင်စီယာဉ်အစီး ၂၀ ကိုလည်း နိုဝင်ဘာ ၁၉ ရက် မနက် ၁၁ နာရီကျော်က ပဒေသာ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြင်ခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။
“ပထမနေရာက နတ်ခရိုင်နဲ့လယ်ကြီးရွာကြားမှာ တကြိမ် G4G အဖွဲ့နဲ့ Zero ပြောက်ကျားတပ်ဖွဲ့ ပူပေါင်းမိုင်းဆွဲခဲ့ကြတယ်။ နောက်တကြိမ်က ထီးဆောင်းနဲ့ ကံပြားရွာဇရပ်ကြားမှာ ထပ်မိုင်း ဆွဲတယ်။ ပဒေသမိုင်းကြီး ၁၀ လုံးထောင်ထားတယ်။ ပြည်သူ့ကားတစီး ဝင်လာလို့ ၃ လုံးပဲ ဆွဲလိုက်နိုင်တယ်။ ၅ စီး မြောက်ကားဖင်ထိပြီး ၆ စီးမြောက်ကားကတော့ ခေါင်းပိုင်း ထိသွားတယ်။ အနည်းဆုံး ၂ ဦးသေနိုင်တယ်။”
ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ပူပေါင်းခရီးသွားတာမျိုး မလုပ်ဖို့နဲ့ ပူးပေါင်း သွားလာပြီး မိမိတို့ မိုင်းဆွဲ တိုက်ခိုက်လို့ ဖြစ်လာမယ့် အကြောင်းတရားအတွက် တာဝန်ယူမှာ မဟုတ်ဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးစာရင်းကိုတော့ သီးခြားအတည်မပြုသေးပါဘူး။