DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ကေအန်ယူ လက်မခံ
DVB
·
November 13, 2022
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ကေအန်ယူ လက်မခံ
Donate to DVB

၂၀၂၃ ခုနှစ်မှာကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်ကောင်စီက တရားဝင်မှုရရှိဖို့အတွက် ကြိုးပမ်းတာဖြစ်လို့ အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် ဆောင်ရွက်ချက်တွေကို အားမပေးဘူးလို့ ကရင်အမျိးသားအစည်းအရုံး (ကေအန်ယူ) ကပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာမှာ  နိုဝင်ဘာ ၁၂ ရက်က လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လူပေါင်းထောင်ချီ တက်ရောက်တဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ကေအန်ယူတာဝန်ရှိသူတွေက ပြောကြားခဲ့တာလို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် ကေအန်ယူရဲ့ သဘောထားကို မေးမြန်းရာမှာ ကေအန်ယူအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားပြီးဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းတာသာဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံပေမဲ့ အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် ဆောင်ရွက်ချက်တွေကို အားမပေးဘူးလို့ ဆိုပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စည်းလုံးညီညွတ်စွာ ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် စည်းလုံးညီညွတ်ရေးအခြေခံမူတရပ်ကို ရေးဆွဲရရှိထားပြီး ဖြစ်ကြောင်း၊ အခြေခံမူအောက်မှာ ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီကို စနစ်တကျ ပြန်လည် ဖွဲ့စည်းသွားဖို့လည်း တိုက်တွန်း ပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ဘားအံခရိုင် ၅ မြို့နယ်ရှိ ပြည်သူလူထုတွေအနေနဲ့ လက်ရှိ အခြေအနေမှာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပေါ်နေတာကို မလိုလားကြောင်း၊ စစ်ပွဲရဲ့  အနိဋ္ဌာရုံကို ခံစားခဲ့ကြရပြီးဖြစ်လို့ စစ်ပွဲတွေဖြစ်ပေါ်လာတာကို လက်မခံနိုင်ကြောင်း ဆန္ဒသဘောထားပေး ခဲ့ကြပါတယ်။ 

လူထုတွေ့ဆုံဆွေးနွေးပွဲကို ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်တွေ၊ ကျေးနယ်အုပ်စုမှူးတွေ၊ ရပ်မိရပ်ဖတွေနဲ့ ပြည်သူလူထုတွေ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာပြီးနောက်  ကေအန်ယူအနေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပပြီး နိုင်ငံရေးရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေကိုရှင်းပြတာဖြစ်ပါတယ်။

လေးနှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ ကေအန်ယူ ကွန်ဂရက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်မှာ နောက်ထပ်တကြိမ် ကျင်းပရတော့မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်ကစပြီး အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကေအန်ယူရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို  ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ မှာ  စတင်ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ထားခဲ့ရပါတယ်။

Photo- KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013