DVB Logo
Home
မြန်မာသတင်း
ရေး-သံဖြူဇရပ် ကားလမ်းနှင့် ပုလော၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
November 12, 2022
ရေး-သံဖြူဇရပ် ကားလမ်းနှင့် ပုလော၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ရေးမြို့ကို နိုဝင်ဘာ ၁၁ ရက် မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်က အရပ်သားကား ၃ စီးနဲ့ ဆန်တွေ တင်​ဆောင်​​​ပြီး ဖြတ်သန်းသွားနေစဥ် အေးကမ္ဘာရွာနဲ့ ဘေးလမိုင်းရွာကြားမှာ ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အလားတူ နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သံဖြူ ဇရပ်ဘက်ကနေ ရေးမြို့ဘက်ကို အရပ်သားကား ၄ စီးနဲ့သွားနေတုန်း လိမ္မော်ခြံရွာနဲ့ အောင်သပြေ ရွာကြားမှာ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ အလစ်အငိုက် ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း အထိအခိုက် အကျအဆုံးတွေ များပြားခဲ့ပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်လေ့ရှိ တာကြောင့် ပတ်ဝန်းကျင်က ကျေးရွာနေပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်တာတွေ ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၀ ရက်ညကလည်း တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ထမင်းမစားရွာနားမှာ ပုလောဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းကို မိုင်း ၇ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်း ၅ လုံးက ချက်ကောင်းထိခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က အနီးနားပတ်ဝန်းကျင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ဒေသတွင်းတိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်တဲ့အတွက် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာရင် ကျေးရွာထဲမှာမနေဘဲ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲရွာနဲ့ ကတွဲရွာကြားမှာလည်း လမ်းကင်းယူဖို့ ရောက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်က  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အတော်များများ သေဆုံးဒဏ်ရာ ရခဲ့ပေမဲ့ အရေအတွက်အတိအကျကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရငဲတိုက်နယ်ဆေးရုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေကြပြီး ဘယ်သူမှ သွားမကြည့်ရဲတာကြောင့် ဘယ်လောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်က ထိခိုက်မှုတစုံတရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013