DVB Logo
Home
မြန်မာသတင်း
နိုင်ငံအာဏာကိုစစ်အုပ်စုက လိမ်လည်အဓမ္မလုယူမှုကြောင့် တိုင်းပြည်ပျက်စီးဟု NLD ကြေညာ
DVB
·
November 9, 2022
နိုင်ငံအာဏာကိုစစ်အုပ်စုက လိမ်လည်အဓမ္မလုယူမှုကြောင့် တိုင်းပြည်ပျက်စီးဟု NLD ကြေညာ
Donate to DVB

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို မဲစာရင်းအကြောင်းပြ လိမ်လည် အဓမ္မလုယူပြီး ပြည်သူ့ဆန္ဒ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ကာ တိုင်းပြည်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ကြေညာပါတယ်။

အန်အယ်လ်ဒီပါတီ လူထုထောက်ခံမှုနဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့  နိုဝင်ဘာ ၈ ရက်၊ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ကြေညာလိုက်တာပါ။

စစ်အုပ်စုဟာ သူတို့လိုချင်တဲ့ရလဒ် ဖြစ်ပေါ်မလာတဲ့အတွက် မဲစာရင်းမှားယွင်းတယ်လို့ လိမ်လည်အကြောင်းပြချက်နဲ့ အဲဒီအချိန်က တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အဓမ္မလုယူကာ ပါတီခေါင်းဆောင်တွေကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြုချက်တွေနဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးလိုက်တာဖြစ်ပြီး တိုင်းပြည်တဝန်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေကာ ဒေသတွင်း တည်ငြိမ်မှုကိုပါ ပျက်ပြားစေခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ သံသယရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့အညီ ဖြေရှင်းရမယ့် လုပ်ငန်းစဉ်တွေ ရှိပေမဲ့ အာဏာသိမ်းစစ်ကောင်စီဟာ မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြကာ ပြည်သူလူထုရဲ့ ဆင့်လွှဲအာဏာကို အဓမ္မ လုယူခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရပါတီကို ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းခြင်းဖြင့် ဒီမိုကရေစီကျင့်စဉ်ကြီး တရပ်လုံးကိုပါ စနစ်တကျ ဖျက်ဆီးနေတယ်လို့ အန်အယ်လ်ဒီပါတီက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေး တို့အတွက် ကြိုးပမ်းနေတာတွေ့ရှိရလို့ အန်အယ်လ်ဒီအနေနဲ့ လက်ခံအသိအမှတ်ပြုမှာ မဟုတ်ကြောင်းနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း သူတို့ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ လွှတ်တော်အဆင့်ဆင့် တရားဝင်တည်ရှိနေပြီးဖြစ်လို့ အတုအယောင် ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုမှာ မဟုတ်ကြောင်း ပါတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ တနေ့တခြား ဆုတ်ယုတ်ကျဆင်းလာတာကနေတဆင့် ဒေသတွင်းတည်ငြိမ်မှု ထိခိုက်လာနိုင်တဲ့အပေါ် အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ကူညီဖြေရှင်းပေးဖို့ ကြိုးပမ်းရာမှာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို အသိအမှတ်ပြု ထင်ဟပ်စေတဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။

လတ်တလော ပြဿနာတွေ ပြေလည်ရေးကိုသာ ရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို ထိခိုက်ပျက်သုဥ်းစေနိုင်ပြီး အနာဂတ် မြန်မာနိုင်ငံအား အနိဋ္ဌာရုံတွေအတွင်းသို့ တွန်းပို့လိုက်ရာ မရောက်စေရေး အထူးသတိပြုဖို့လည်း အသိပေး ကြေညာထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစကို ရမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေးကို အာဆီယံ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးလုပ်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုထားပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ပြည်သူနဲ့အတူ တိုင်းရင်းသားအင်အားစုတွေ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်သလို စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာ့နိုင်ငံတွေကပါ အခုထက်ပိုပြီး ထိထိရောက်ရောက် အကူအညီပေးကြဖို့လည်း အန်အယ်လ်ဒီပါတီက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နယ် ကျင်းပနိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့ပြီး လူထုထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိတဲ့အနက် မဲပေးသူက ၂၇ သန်းကျော်၊ မဲပေးတဲ့ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးမှာ အန်အယ်လ်ဒီက ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီး ဖြစ်သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီး တရားမဝင် အာဏာသိမ်းခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်တပ်ဟာ အပြစ်မဲ့ပြည်သူ ၂,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် သံဃာတော်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ကျောင်းဆရာ/ဆရာမတွေနဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို မြေလှန်မီးရှို့၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကိုလည်း စစ်တပ်က လိုက်လံဖမ်းဆီး၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်၊ ပါတီရုံးချုပ်အပါအဝင် နိုင်ငံအနှံ့ရှိ ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးကာ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်နေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောက်တိုဘာလကုန်အထိ စာရင်းအရ ဖမ်းဆီးခံထားရသူ  လွှတ်တော်ကိုယ်စားလှယ် အယောက် ၉၀ အပါအဝင် အဖွဲ့ချုပ်ဝင်စုစုပေါင်း ၁,၁၆၉ ဦး ရှိရာမှာ ဖမ်းဆီးထားစဉ် ကာလအတွင်း  လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ၆၇ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်မှု အကြိမ် ၁၂၀ ရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး  အပါအဝင် ပါတီဝင် ၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013