DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၂ နှစ်ပြည့်နှင့် စစ်အာဏာသိမ်းမှုအပေါ် အမြင်သဘောထားများ
DVB
·
November 8, 2022
ရွေးကောက်ပွဲ ၂ နှစ်ပြည့်နှင့် စစ်အာဏာသိမ်းမှုအပေါ် အမြင်သဘောထားများ
Donate to DVB

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ ဒီနေ့မှာ ၂ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ တနိုင်ငံလုံးအတိုင်းအတာ ၈ဝ ရာခိုင်နှုန်းကျော်နဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒနယ် စုစုပေါင်း ၁,၁၁၇ နယ် ရှိတဲ့အထဲမှာ NLD ပါတီက နေရာ ၉၂ဝ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ၃ လအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ “ရွေး‌ကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်” ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံအာဏာကို စစ်တပ်က သိမ်းယူခဲ့ပါတယ်။

ဒီလို စစ်တပ်က အာဏာသိမ်းခဲ့တာဟာ လုံးဝ မမျှော်မှန်းထားတဲ့ ဖြစ်ရပ်ဖြစ်လို့ အရမ်း စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့ မသဲသဲက ပြောပါတယ်။

“ပြောရလို့ရှိရင် ဒီလိုမျိုးဖြစ်လာမယ်လို့တောင်မှ မမျှော်မှန်းထားဘူးပေါ့နော်။ အိပ်မက်တောင် မမက်ဘူးတဲ့ ကိစ္စမျိုးပါ။ အာဏာသိမ်းလိုက်တယ်ဆိုတော့ အရမ်းကို အံ့ဩတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းမှုတွေပဲ ဖြစ်နေတဲ့အချိန်မှာ ရှေ့လျှောက်ပြီးတော့ ကောင်းနိုင်တဲ့ အလားအလာတွေ အများကြီးရှိနေတဲ့ အချိန်မှာပေါ့နော်၊ လုံးဝ ဖျက်ချခံလိုက်ရတဲ့ ပုံစံမျိုးပါ။ ပြောရင်တော့ အရမ်းကြီး စိတ်မကောင်းစရာဖြစ်ရတဲ့ ကိစ္စပေါ့နော်။ အဖတ်ပြန်ဆယ်ရမှာ တော်တော်လေးကို အချိန်ယူပြီးတော့ ပြန်လုပ်ရမယ့် အခြေအနေမျိုး ဖြစ်သွားတာပေါ့နော်။ အပင်တပင်ရဲ့ အလားအလာနဲ့ အညွန့်တွေ တလူလူတက်နေတဲ့ဥစ္စာကို လုံးဝ ခုတ်ချလိုက်သလိုမျိုးပေါ့နော်။ တော်တော်လေးတော့ စိတ်မကောင်းဖြစ်မိပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲတုန်းက ကယားပြည်နယ်မှာ ကိုယ်တိုင်မဲပေးခဲ့ပြီး အာဏာသိမ်းတပ်ကို ဆန့်ကျင်ဆန္ဒပြရင်း လက်နက်ကိုင်တော်လှန်လာတဲ့ ‘တော်လှန်ရေးရဲမေတဦး’ ဖြစ်တဲ့ မမိုးက “အရင်အစိုးရသက်တမ်းတုန်းက ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေခဲ့တာတွေ့တော့ ဝမ်းသာရတာပေါ့။ ဒီ ၂၀၂၀ ခုနှစ်မှာ ဆက်ပြီး အနိုင်ရတဲ့အပေါ် ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ပြည်နယ်တခုချင်းစီမှာ ဒီမိုကရေစီပဲမဟုတ်ဘဲ ဖက်ဒရယ်ထိရဖို့ အခွင့်အရေးရှိတာမြင်လို့ ပြည်နယ်ကိုယ်စားပြုပါတီကို မဲပေးခဲ့တာပေါ့။ ကိုယ်ပေးခဲ့တဲ့မဲအပေါ်မှာ အများကြီး မျှော်လင့်ထားတယ် ဆိုပေမဲ့ အခုလို စစ်တပ်က လွှတ်တော်မှာ မတရား ၂၅ ရာခိုင်နှုန်း နေရာယူထားတာ မကလို့ အနိုင်ရပါတီအပေါ် မဲမသမာမှုနဲ့ အာဏာသိမ်းတာဟာ ဆန္ဒမဲပေးခဲ့တဲ့ ပြည်သူတွေကို မလေးစားရာ အသိအမှတ်မပြုရာ ရောက်ပါတယ်။ ဒါကြောင့် အခုလို စစ်တပ်က နေရာယူတာလည်း ပြည်သူတို့ကို ပိုကောင်းတဲ့စနစ် ပေးချင်တာမဟုတ်ဘဲ သူတို့အာဏာမြဲဖို့ပဲဆိုတာ အသိသာကြီး ဖြစ်နေပါတယ်။ ဒါကြောင့် ကျမလည်း ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြန်မရ‌မချင်း ဆက်ကြိုးစားနေမှာဖြစ်တယ်။ သူတို့က နိုင်ငံကို ပိုကောင်းဖို့ နေရာယူတာမျိုးမဟုတ်ဘဲ အာဏာရူးနေကြလို့သာ နေရာယူတာမို့… ခုထိ နိုင်ငံက သူတို့ကြောင့်နဲ့ ပျက်စီးနေတာကိုတောင် ကိုယ်ချင်းစာနာစိတ်တွေမရှိတဲ့ ဒီအာဏာရှင်တွေ အမြစ်ပြတ်မှသာ ပိုကောင်းတဲ့နိုင်ငံတခု ဖန်တီးနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးခဲ့တဲ့ ရန်ကုန်က ကုမ္ပဏီတခုရဲ့ ဝန်ထမ်း မမေကလည်း မဲပေးတဲ့ ပြည်သူတွေအပေါ် စစ်တပ်က အနိုင်ကျင့်တာလို့ ပြောပါတယ်။

“ကျမတို့ မဲပေးခဲ့ပါတယ်။ ယုတ်မာတယ်၊ ကျမတို့ပြည်သူတွေ အနိုင်ကျင့်ခံရတယ်လို့ မြင်တယ်။ ၂၀၂၃ ရွေးကောက်ပွဲအတွက်ကတော့ ရယ်ချင်တယ်။ သူတို့လိုချင်တာကို ဆွဲပြီး လုပ်နေကြတာပဲလေ။ ပြည်သူတွေ မဲဝင်မပေးလည်း သူတို့က ကလိမ်ကျပြီး သူတို့အနိုင်လုပ်မှာပဲ။ ဘယ်လိုပဲ သူတို့ ရွေးကောက်ပွဲလုပ်ပါစေ ဒါဟာ တရားမဝင်ပဲ။”

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဘက်အတွင်းရေးမှူး ဇူဇူးက ၂၀၂၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူတွေလည်း မိမိနှစ်သက်ရာ ပါတီကို ရွေးချယ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်ကြတယ်။ ပြည်သူတွေကလည်း သူတို့ယုံကြည်တဲ့ပါတီကို သူတို့ မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်တယ်ပေါ့နော်။ အဲဒီကာလမှာဆိုရင်လည်း ကျမတို့ ကိုဗစ်ကာလ အကျပ်အတည်း အခက်အခဲတွေ ရှိနေတယ်။ ဒီလိုဟာမျိုးကို ပြည်သူတွေက တက်ကြွစွာနဲ့ မဲပေးတဲ့အပေါ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါက ဒီမိုကရေစီနည်းလမ်းနဲ့ လုံးဝ ဆန့်ကျင်တဲ့ဟာကို စစ်တပ်က လုပ်လိုက်တယ်လို့ ပြောရမှာဖြစ်တယ်ပေါ့နော်။ စစ်တပ်ရဲ့ လုပ်ရပ်ကတော့ အခုမှမဟုတ်ဘူး၊ ပြည်သူတွေရဲ့အသံကို လုံးဝ မျက်ကွယ်ပြုခဲ့တာဖြစ်တယ်။ အခုလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီးတော့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း အာဏာသိမ်းလိုက်တာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခုနောက်ပိုင်းမှာဆိုရင် ပြည်သူတွေ ပိုပြီးတော့ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ စီးပွားရေး အကျပ်အတည်းတွေ၊ သွားရေးလာရေးက အစပေါ့နော်၊ အဆင်မပြေမှုတွေ ပိုများလာတယ်။ ဒါကတော့ စစ်တပ်အာဏာသိမ်းတဲ့ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေပေါ့လေ။”

၂ဝ၂ဝ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း နိုင်ငံတကာက သတ်မှတ်ခဲ့ပေမဲ့ ဒီရလဒ်ကို လက်မခံဘဲ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကတော့ ၂ဝ၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ လုပ်နေပါတယ်။

၂၀၂၁ ခု အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၂,၄ဝဝ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၁၆,ဝဝဝ ကျော် ဖမ်းဆီးခံခဲ့ရသလို လက်နက်ကိုင်တော်လှန်မှုတွေ နိုင်ငံအနှံ့ ဖြစ်ပွားနေပြီး တိုက်ပွဲတွေကြောင့် လူဦးရေ သန်းချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013