DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၂၉၃ ဦးထိ ရှိလာဟု Southern Monitor အဖွဲ့ထုတ်ပြန်
DVB
·
November 8, 2022
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၂၉၃ ဦးထိ ရှိလာဟု Southern Monitor အဖွဲ့ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ကာလတွေအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ ၂၉၃ ယောက်ထိ ရှိလာပြီး အဲဒီထဲက ၈၈ ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှုတွေကို စောင့်ကြည့်စာရင်းပြုစုထားတာဖြစ်ပြီး မြို့နယ်အလိုက် ကြည့်မယ်ဆိုရင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက တခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှုအရေအတွက်က သိသိသာသာ များပြားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အရပ်သားသေဆုံးမှုဖြစ်စဉ်တွေမှာ ကျေးရွာတွေကို စစ်ကြောင်း ထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အလောင်းဖျောက်တာတွေရှိသလို ကျေးရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လက်နက်ကြီးထိမှန်လို့ သေဆုံးကြရတဲ့ သူတွေရှိသလို ဆိုင်ကယ်စီးသူတွေနဲ့ သာမန်ပြည်သူတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ Southern Monitor အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စတဲ့ အဖွဲ့အစည်းတွေကလည်း တတ်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခုထုတ်ပြန်ထားခဲ့တဲ့ အရပ်သားသေဆုံးသူ စာရင်းထဲမှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ (စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO) အဖွဲ့အစည်းဝင်တွေကို ထည့်သွင်းရေတွက်ခြင်း မပြုထားဘူးလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ သာမန်အရပ်သားတွေအပြင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ PDF နဲ့ ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေတွက်ထားပြီး ဒါဟာ သတင်းတွေမှာ ဖော်ပြထားတဲ့ သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံ အချက်အလက်တွေက အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ခက်ခဲတာကြောင့် ထည့်သွင်းရေတွက်ထားတာလို့လည်း ဖော်ပြထားပါတယ်။

Southern Monitor အဖွဲ့ကတော့ တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၄၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၆,၁၀၀ ထိရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၉၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013