
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ အိမ်ငှားနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ စက်တင်ဘာလကုန်တာနဲ့ အိမ်တွေကို ပိုင်ရှင်ဆီ ပြန်လည်အပ်နှံကြရမယ်လို့ လောင်တလိုင် အခြေစိုက် ဗဟို လိုင်လူငယ်အစည်းအရုံး(CYLA)က သတိပေးထားတယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တွေဆီက သိရပါတယ်။
စက်တင်ဘာလအစောပိုင်းကတည်းက မြန်မာနိုင်ငံသားတွေအပါဝင် နိုင်ငံခြားသားတွေကို လောင်တလိုင်ခရိုင်တွင်း အိမ်ငှားနေထိုင်ခွင့်ပိတ်ပင်တာ၊ ည ၈ နာရီနောက်ပိုင်း ညမထွက်ရ အမိန့် ထုတ်ပြန်တာ၊ စစ်ရှောင်တွေအနေနဲ့ အခြေခံအလုပ်တွေလုပ်ချင်ရင် ကျေးရွာ(သို့) ရပ်ကွက် တာဝန်ရှိသူတွေရဲ့ ထောက်ခံချက် ရယူရမှာ စတာ အပါအဝင် အချက် ၇ ချက်ကို လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)တာဝန်ရှိသူတွေဟာ အိမ်ငှားနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အပါဝင် နိုင်ငံခြားသားတွေကို စက်တင်ဘာလကုန်မှာ လက်ရှိနေထိုင်တဲ့ နေအိမ်ကို အပ်နှံ ထွက်ခွာ ကြဖို့ စက်တင်ဘာ ၂၃ ရက်က သတိပေးခဲ့ကြတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
ရခိုင်ကုန်သည် အမျိုးသားတယောက်က “လောင်တလိုင်မှာ အိမ်ငှားနေထိုင်တဲ့ ကုန်သည်တွေကို ဒီလကုန်မှာ အပ်နှံပြီး အိမ်ကထွက်ခွာပေးရမယ်ဆိုပြီး ပြောလာတာရှိတယ်။ အဓိကတော့ အိမ်ငှားပြီး နေထိုင်ခွင့်မရှိတာပေါ့။ ဟိုတယ်တွေ၊ တည်ခိုခန်းတွေမှာ နေထိုင်လို့ရတယ်။ ကုန်သည် တွေက ဒီဘက်မှာ အထိုင်ချပြီး ကုန်သွယ်မှုပြုလုပ်ကြရတာဆိုတော့ အိမ်ငှားနေထိုင်တာက စရိတ်စက အများကြီးသက်သာတယ်လေ။ ဟိုတယ်တွေ၊ တည်ခိုခန်းတွေမှာတွေသာ နေထိုင် ရမယ်ဆိုတော့ ကုန်ကျစရိတ်တွေက အရမ်းကြီးမှာ။ နောက်တခုက အိမ်တွေက စာချုပ်တွေ စပေါ်တွေပေးပြီး ငှားကြရတာဆိုတော့ နစ်နာမှုတွေလည်း ရှိလာနိုင်တယ်” လို့ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ရခိုင်ကနယ်စပ်ကုန်သည်တွေ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်က စစ်ဘေးရှောင်တွေ အများအပြား လောင်တလိုင်ခရိုင် အတွင်းမှာ ရွှေ့ပြောင်းနေထိုင်ကြတာပါ။
ရခိုင်ပြည်နယ်ဘက်က ကုန်သည်တွေဟာလည်း ကုန်သွယ်ရေးအတွက် လောင်တလိုင်မှာ အခြေချ နေထိုင်ကြတာမျိုးရှိသလို တချို့ဆိုရင်လည်း အိမ်ငှားပြီး တည်းခိုခန်းပုံစံမျိုး ဖွင့်ထားကြတာမျိုး တွေလည်း ရှိကြပါတယ်။
လောင်တလိုင်ခရိုင်ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့ မြို့နယ်ဖြစ်တာကြောင့် အိမ်ငှားနေထိုင်ခွင့် ကန့်သတ်လိုက်တာက ကုန်သည်တွေအပေါ်မှာ ရိုက်ခတ်မှုကြီးလာနိုင်တယ်လို့ ကုန်သည်နောက် တယောက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ချင်းပြည်နယ်ဘက်ကနေ မူးယစ်ဆေးဝါးတွေ ဝင်ရောက်တာ ကြောင့် အခုလို နိုင်ငံခြားသားတွေကို ပိတ်ပင်ကန့်သတ်လာတာဖြစ်ပြီး မသင်္ကာတဲ့ နိုင်ငံခြားသား တွေကို စစ်ဆေးဖို့အထိ ဖြစ်လာတာလို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ကုန်စည်စီးဆင်းမှုကို စစ်အာဏာရှင်တပ်က ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက်လိုအပ်တဲ့စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီအတွက် မီဇိုရမ်ပြည်နယ်နဲ့ အဓိကကုန်သွယ်နေကြရတာ ဖြစ်ပါတယ်။










