DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့်နီးစပ်သည့် ခရိုနီသူဌေး ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို ထိုင်းသိမ်းဆည်း
DVB
·
November 3, 2022
မြန်မာစစ်ခေါင်းဆောင်နှင့်နီးစပ်သည့် ခရိုနီသူဌေး ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို ထိုင်းသိမ်းဆည်း
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မှာ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးကုမ္ပဏီ ဖွင့်လှစ်ထားတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ရဲ့ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ၊ ဟိုတယ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းလိုက်ကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ တရားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဦးထွန်းမင်းလတ်နဲ့ ကုမ္ပဏီမန်နေဂျာ ထိုင်းအမျိုးသား ၁ ဦးကတော့ ပြီးခဲ့တဲ့စက်တင်ဘာက ဘန်ကောက်မှာ ဖမ်းဆီးခံထားရပြီး သူတို့နဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို ထပ်မံစစ် ဆေး သိမ်းဆည်းနေရာမှာ ဒီလအတွင်း ဘန်ကောက်မှာရှိတဲ့ ဘတ်သန်းပေါင်း ၃၀၀ ကျော်တန်ဖိုးရှိ  ဇိမ်ခံကား၊ အဖိုးတန်နာရီ၊ Bran သားရေအိတ်၊ မီးခံသေတ္တာထဲက ငွေသား ဘတ် ၈ သန်းတို့ကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ် ဆုထင်းက ပြောပါတယ်။ 

ဒါ့အပြင် မယ်ဟောင်ဆောင်၊ ဟွာဟင်၊ ပရကျူပ်ခီရီခန်၊ ဆုန်ခလာ စတဲ့ခရိုင်ထဲက ဘတ်သန်းပေါင်း ၁၀၅၀ ကျော်တန်ဖိုးရှိ မြေကွက် ၇၁ ကွက် နဲ့ ဟိုတယ်၊ ပန်းခြံဟိုတယ်တွေပါ သိမ်းဆည်းထားကြောင်း၊ ပိုင်ရှင်အမည်ပေါက် ထိုင်း ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက် နေတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး နိုင်းဝိချိုင်း ချိုင်းမုန်းခုံး ကလည်း ဒီအမှုဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စုံစမ်းထောက်လှမ်းခဲ့တာဖြစ်ကြောင်း၊ အစက ထိုင်းမူးယစ်မှု ၅ ခုကနေ စိတ်ကြွဆေး ၃၅၃၁၈၀၀၊ အိုက်စ် ၈၆ ဒဿမ ၉၈ ကီလိုဂရမ်၊ ခေတာမင်း ၆ ကီလိုဂရမ်၊ ဟီးရိုးအင်း ၃၈၀ ဂရမ် ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ငွေကြေးလမ်းကြောင်းတွေ ဆက်လက်စစ်ဆေးခဲ့တာမှာ မူးယစ်တရားခံတွေဟာ ဦးထွန်းမင်းလတ်ရဲ့ Allure Group (P&E) ကုမ္ပဏီထဲကို ငွေအမြောက်အမြားလွှဲထားပြီး ကုမ္ပဏီကလည်း အဆိုပါငွေထဲက စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား ဘတ် ၁၃၅ သန်း ပေးချေထားတဲ့ အထောက်အထားတွေရှိတယ်လို့ ဆိုပါတယ်။

၄ နှစ်တာကာလအတွင်း Allure Group နဲ့ ဆက်စပ်မှုရှိတဲ့ မူးယစ်ကုန်သည်တွေရဲ့ ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်သန်း ၃၁၇၁ သန်းကို သိမ်းဆည်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ 

ဦးထွန်းမင်းလတ်ဟာ မြန်မာပြည်မှာလည်း ကေတီဗွီနဲ့ ဟိုတယ်တွေဖွင့်လှစ်ထားပြီး အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်သလို မြန်မာစစ်တပ်အတွက် လက်နက်တွေ ရှာဖွေထောက်ပံ့ပေးသူတဦးဖြစ်တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။

လောလောဆယ် သူနဲ့တကွ ကုမ္ပဏီမန်နေဂျာအမျိုးသား  ထိုင်းနိုင်ငံသား ၁ ဦး ဖမ်းဆီးခံထားရပြီး ငွေစာရင်းဌာန နဲ့ စာရင်းကိုင် ၂ ဦးတို့ ထွက်ပြေးလွတ်မြောက်နေပါတယ်။ 

သူတို့ကုမ္ပဏီဟာ ထိုင်းအထက်လွှတ်တော်အမတ် ၁ ဦးနဲ့လည်း ပတ်သက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အဆိုပါအထက်လွှတ်တော်အမတ်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ 

သူနဲ့ ထွန်းမင်းလတ်ဟာ ခင်မင်သိကျွမ်းသူတွေဖြစ်တယ်ဆိုတာတော့ ဝန်ခံကြောင်း၊ အဲဒီကုမ္ပဏီဟာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တာမဟုတ်ဘဲ နယ်စပ်ငွေလွှဲမှုလုပ်ငန်းတွေ ကမောက်ကမ ဖြစ်စဉ်က ငွေလွဲလုပ်ငန်းပါ လုပ်ကိုင်ခဲ့လို့ မရည်ရွယ်ဘဲ ရောပြီးပါသွားတာ ဖြစ်နိုင်ကြောင်း ဦးထွန်းမင်းလတ်ဘက်ကနေ ကာကွယ်ပြောဆိုပေးထားပါတယ်။ 

ကိုးကား -ThaiRath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013