
ပြီးခဲ့တဲ့အပတ်က မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အဓိကတရားခံ မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။ မလေးရှား ဝန်ကြီးချုပ်က အတုအယောင် ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရားဝင် တွေ့ဆုံရတာဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး သဘောတူညီချက် တစုံတရာ ထွက်ပေါ်လာတာ မရှိပါဘူး။ ခရီးစဉ်တခုလုံးမှာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကိုတောင် မသုံးဖို့ မင်းအောင်လှိုင်က ကြိုတင်တောင်းဆိုခဲ့ပါသေးတယ်။
ဝန်ကြီးချုပ် အန်ဝါက ရိုဟင်ဂျာအရေး ရေရှည်အဖြေရှာဖို့ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုအရ စစ်တပ်ဟာ နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေမဲ့ မလေးရှားအနေနဲ့ စစ်ခေါင်းဆောင်ကို မြန်မာ့အနာဂတ်အတွက် မရှိမဖြစ် တံခါးမှူးတယောက်အဖြစ် ဆက်ဆံလိုက်တာလည်း ဖြစ်ပါတယ်။
မူလပြဿနာကို မဖြေရှင်းဘဲ နေရပ်ပြန်ရေး ဆောင်ရွက်လို့မရပါ
ဒီမလေးရှားခရီးစဉ် မတိုင်မီ နှစ်ပတ်အလိုက နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးပန်း ဆွေးနွေးပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ၊ ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အသစ်ခန့်အပ်ခံထားရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ကယ်လီကာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ ယူဆချက်နဲ့ အင်မတန် ကွဲလွဲပါတယ်။ ဆွေးနွေးပွဲကနေ ရရှိလာတဲ့ အဓိကကောက်ချက်ကတော့ ရိုဟင်ဂျာအရေးကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတခုအဖြစ်ပဲ ရှုမြင်တာဟာ ပြဿနာရဲ့ အဓိကအချက်ကို လွဲချော်စေတယ် ဆိုတာပါပဲ။ အမှန်တကယ်တော့ ရိုဟင်ဂျာအရေးဟာ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံရေးမှာ ပါဝင်ခွင့်၊ တန်းတူညီမျှမှုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးစနစ်တို့နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ နိုင်ငံရေးပြဿနာတခု ဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းက ရိုဟင်ဂျာအရေးကို ဆယ်စုနှစ်များစွာကြာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ ဒုက္ခသည် စီမံခန့်ခွဲရေးနဲ့ နေရပ်ပြန်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကနေတဆင့် ကိုင်တွယ်လာခဲ့ကြပါတယ်။ အဲဒီကြိုးပမ်းမှုတွေဟာ လိုအပ်တာ မှန်ပေမဲ့ ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းကို ဖြစ်ပေါ်စေတဲ့ အရင်းခံ နိုင်ငံရေးပြဿနာကိုတော့ မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။
ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့်ကနေ စနစ်တကျ ဖယ်ထုတ်ခံရပြီး နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ကြဉ်ခံခဲ့ရတဲ့အပြင် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကိုလည်း ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ မွေးရပ်မြေကနေပါ မောင်းထုတ်ခံခဲ့ရတာဟာ မြန်မာနိုင်ငံအတွင်း တန်းတူညီမျှတဲ့ အဖွဲ့ဝင်တွေအဖြစ် အသိအမှတ်မပြုတဲ့ နိုင်ငံရေးနဲ့ ဥပဒေစနစ်တွေရဲ့ အကျိုးဆက်ပါပဲ။
ဒါကြောင့် ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးဟာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ သဘောတူညီချက် တခုတည်းနဲ့ မလုံလောက်ပါဘူး။ နေရပ်ပြန်ရေးမှာ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်၊ လူမျိုးအမှတ်အသားကို အသိအမှတ်ပြုမှု၊ နိုင်ငံရေးမှာ ပါဝင်ခွင့်၊ ဘိုးဘွားပိုင်မြေတွေဆီ ပြန်လည်ဝင်ရောက်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ထပ်မံညှဉ်းပန်းနှိပ်စက်ခံရမှုကနေ အကာအကွယ် ရရှိရေးတို့ ပါဝင်ဖို့ လိုအပ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ မလေးရှားက ထိန်းသိမ်းရေးစခန်းတွေကနေ ရိုဟင်ဂျာတွေကို မြန်မာပြည်တွင်းက စခန်းအသစ်တွေနဲ့ ထိန်းချုပ်ကန့်သတ်ထားတဲ့ နေရာချထားရေး စခန်းတွေကို ရွှေ့ပြောင်းပေးရုံနဲ့ စစ်မှန်တဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးလို့ ပြောလို့မရပါဘူး။ နေရပ်စွန့်ခွာစေခဲ့တဲ့ အခြေအနေတွေ မပြောင်းလဲသေးဘဲ ပြန်လည်ပို့ဆောင်တာဟာ နေရပ်စွန့်ခွာရမှု သံသရာကိုပဲ ထပ်မံဖြစ်ပေါ်စေမှာပါ။
ဒါတွေဟာ အခြေခံကျတဲ့ နိုင်ငံရေးမေးခွန်းတွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ပြန်လည်အခြေချမဲ့ နယ်မြေတွေကို ဘယ်သူက အုပ်ချုပ်မှာလဲ။ သူတို့ရဲ့ လုံခြုံရေးကို ဘယ်သူက အာမခံမှာလဲ။ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ဘယ်သူက ဆုံးဖြတ်မှာလဲ။ ဒီအစီအစဉ်တွေအတွက် ညှိနှိုင်းဆွေးနွေးတဲ့အခါ ရိုဟင်ဂျာတွေကို ဘယ်သူက ကိုယ်စားပြုမှာလဲ။ ဒီမေးခွန်းတွေအတွက် တိကျခိုင်မာတဲ့ အဖြေမရှိဘဲ လုပ်ဆောင်တဲ့ နေရပ်ပြန်ပို့ရေးဟာ နောက်ထပ် စွန့်ခွာထွက်ပြေးရမှု သံသရာဆီပဲ ပြန်ရောက်သွားစေနိုင်ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာအရေးရဲ့ နိုင်ငံရေးအရင်းခံကို မှန်ကန်စွာ နားမလည်နိုင်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကိုလည်း ပြည့်စုံစွာ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ပြောင်းလဲသွားသည့် မြေပြင်နိုင်ငံရေးနှင့် အနာဂတ်လမ်းကြောင်း
လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပါဘူး။ ရခိုင်ပြည်နယ်မှာဆိုရင် အာရက္ခတပ်တော် (AA) ဟာ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အာဏာပိုင်ဖြစ်လာပြီး တခြားဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း မတူညီတဲ့ စီမံအုပ်ချုပ်မှု အာဏာကို ကျင့်သုံးနေကြပါတယ်။
ဒီလို အစိတ်စိတ်အမြွှာမြွှာ ကွဲနေတဲ့ အနေအထားဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖန်တီးနေတယ် ဆိုပေမဲ့ ရေရှည်တည်မြဲမဲ့ နိုင်ငံရေးအဖြေကို ပြန်လည်စဉ်းစားဖို့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။ ပုံမှန် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေအတိုင်း မြန်မာဗဟိုအာဏာပိုင်တွေနဲ့ ဒုက္ခသည် လက်ခံထားတဲ့ နိုင်ငံတွေကြား နှစ်နိုင်ငံချင်း တွေ့ဆုံရုံနဲ့ မလုံလောက်တော့ပါဘူး။ မြေပြင်မှာ အမှန်တကယ် အာဏာကျင့်သုံးနေသူတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလို အဲဒီအာဏာကို ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လေးစားတဲ့ ပုံစံနဲ့ ကျင့်သုံးရေးမှာလည်း လွန်စွာအရေးကြီးပါတယ်။
ရခိုင်မှာ AA ထိန်းချုပ်ထားတဲ့ နယ်မြေအနေအထားကို ကြည့်ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်လည် ပို့ဆောင်ရေး ဆွေးနွေးတဲ့အခါ AA ပါဝင်ဖို့ လိုအပ်တာ ထင်ရှားပါတယ်။ ဒါပေမဲ့ AA ဟာ ရိုဟင်ဂျာ အရပ်သားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အချက်ကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ AA ရဲ့ တရားဝင်မှု (Legitimacy) ဟာ ရိုဟင်ဂျာတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တန်းတူရည်တူ ဆွေးနွေးဖက်အဖြစ် ဆက်ဆံမှာလား၊ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေဖြစ်တဲ့ ကိုယ်ပိုင်အမှတ်သရုပ်၊ ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်တွေကို အသိအမှတ်ပြု လက်ခံမှာလားဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
ဒါ့အပြင် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဒီမိုကရေစီ အင်အားစုတွေဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော် ပေါ်ပေါက်လာမှပဲ ရိုဟင်ဂျာတွေရဲ့ တန်းတူအခွင့်အရေးနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်တွေကို ငြင်းပယ်ထားတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အတားအဆီးတွေကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် ရိုဟင်ဂျာအရေးသည် တူညီတဲ့ နိုင်ငံရေးအနာဂတ်တခုကို မျှဝေခံစားကြရမည်
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာတောင် ရိုဟင်ဂျာ အခွင့်အရေးကို စစ်တပ်ရှုံးနိမ့်ပြီးမှ သို့မဟုတ် နိုင်ငံရေးစနစ်သစ်တခု ထူထောင်ပြီးမှ ဖြေရှင်းရမယ်လို့ စဉ်းစားလေ့ရှိကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် စာနာမှုအရှိဆုံး မဟာမိတ်တွေပင်လျှင် ရိုဟင်ဂျာတွေကို ကိုယ်ပိုင်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အနာဂတ်ကို ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ လူထုတရပ်အဖြစ် မမြင်ဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေအဖြစ်ပဲ မြင်နေကြဆဲပါ။ ဒီချဉ်းကပ်မှု ပုံစံနှစ်ခုလုံးဟာ လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့ မလုံလောက်ပါဘူး။
မြန်မာ့အနာဂတ် ဆွေးနွေးဝိုင်းတွေမှာ ရိုဟင်ဂျာတွေရဲ့ အခန်းကဏ္ဍဟာ လေ့လာသူ ပရိသတ်အဆင့်ထက် ပိုမိုဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပါဝင်နိုင်ဖို့နဲ့ အနာဂတ်အတွက် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေ (Political Institutions)၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် (Organizational capacity) နဲ့ ကိုယ်ပိုင်ဆုံးဖြတ်စီမံခွင့် (Agency) တို့ ရှိဖို့လိုအပ်ပါတယ်။
ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ဖျက်သိမ်းဖို့ သို့မဟုတ် ပြင်ဆင်ဖို့ ကြိုးစားမှုဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့မူဝါဒ အသိုက်အဝန်းမှာ ရှိနှင့်ပြီးသား စဉ်းစားချက်ဖြစ်ပါတယ်။
ဒါပေမဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ ကြေညာချက်တွေဟာ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ ကတိကဝတ်တွေအဖြစ် မပြောင်းလဲသေးပါဘူး။ အနာဂတ် မြန်မာနိုင်ငံရေးလမ်းကြောင်းမှာ ၁၉၈၂ ဥပဒေကို ဖျက်သိမ်းရေးဟာ ခိုင်မာတဲ့ ကတိကဝတ်တခု ဖြစ်ဖို့လိုသလို ရိုဟင်ဂျာတွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ နိုင်ငံရေးလမ်းစဉ်ကို ပုံဖော်ရာမှာ အဓိပ္ပာယ်ရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။
တချိန်တည်းမှာပဲ ရိုဟင်ဂျာ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့၊ ဘုံသဘောထားတွေကို ရှာဖွေဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြေရှင်းချက်တခု ရရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဒီလိုပြောဆိုတာဟာ သမိုင်းတလျှောက် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေ၊ မတူညီတဲ့ အယူအဆတွေနဲ့ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုတွေကို လျစ်လျူရှုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးအနာဂတ်ဟာ ခွဲခြားလို့မရနိုင်အောင် ချိတ်ဆက်နေတယ် ဆိုတာကို လက်ခံရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို ဖယ်ထုတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ဆိုတာ တိုင်းပြည်ရဲ့ သမိုင်းဝင် ခွဲခြားဖယ်ကြဉ်မှုတွေထဲက အနက်ရှိုင်းဆုံးတခုကို ဆက်လက်အသက်သွင်းနေတာပဲ ဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ တန်းတူအခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာလည်း မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ကင်းကွာနေလို့ မရနိုင်ပါဘူး။
အမှန်တကယ် ဆောင်ရွက်ရမှာက အတုအယောင် ညီညွတ်မှု တည်ဆောက်ဖို့ ဒါမှမဟုတ် အတင်းအကျပ် ဘဘောထားတခုတည်း ဖန်တီးယူဖို့ မဟုတ်ပါဘူး။ သဘောထားကွဲလွဲမှုတွေကို အင်အားသုံးပြီး အတင်းအကျပ် ဖြေရှင်းတာထက် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းနိုင်မဲ့ ဆက်ဆံရေးတွေနဲ့ အဖွဲ့အစည်းတွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။
လမ်းကြောင်းသစ် ဖောက်နိုင်ပါသည်
မြန်မာ့လူမှုအသိုက်အဝန်းတွေ ကွဲပြားနေသရွေ့ စစ်ကောင်စီအတွက် အကျိုးရှိနေမှာပါ။ အဲဒီကွဲပြားမှုတွေကို စစ်တပ်အတွက် ဒေသတွင်း သံတမန်ရေးရာ အခြေခံအဖြစ် အသုံးချခွင့် မပေးသင့်ပါဘူး။
ရိုဟင်ဂျာ အကျပ်အတည်းဟာ နိုင်ငံရေးအရ ဖယ်ထုတ်မှုကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဟာ အဲဒီဖယ်ထုတ်မှုကို မြန်မာနိုင်ငံရဲ့ တခြားလူထုတွေဆီကိုပါ ကျယ်ပြန့်သွားစေခဲ့တာပါ။ ဒီအကျပ်အတည်း နှစ်ခုလုံးအတွက် ဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့ရုံနဲ့၊ သူတို့ရဲ့ နေရပ်စွန့်ခွာရမှုမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်ရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ဘုံသဘောတူညီတဲ့ နိုင်ငံရေး လမ်းစဉ်သစ် တည်ဆောက်နိုင်မှပဲ ရိုဟင်ဂျာတွေလည်း နေရပ်ပြန်နိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်လည်း ပေါ်ထွန်းနိုင်မှာပါ။
ရိုဟင်ဂျာ အကျပ်အတည်းကို လွဲမှားတဲ့ နိုင်ငံရေးရှုထောင့်ကနေ ချဉ်းကပ်မိရင် မြန်မာ့အရေးတရပ်လုံးကိုပါ မှားယွင်းသုံးသပ်မိနေမှာပါပဲ။
ဂျာဗဲဒ် အာလောမ် (သူ့အတွေး သူ့အမြင် – Op-Ed)
(ဆောင်းပါးရှင် Jaivet Ealom သည် ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သည်။)
ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။











