DVB Logo
Home
မြန်မာသတင်း
သင်္ဘောသားလစာများ ခေါင်းပုံဖြတ်ခံနေရ၊ဈေးကွက်ပေါက်ဈေးနှုန်းမရပါက တိုင်ကြားနိုင်
DVB
·
October 27, 2022
သင်္ဘောသားလစာများ ခေါင်းပုံဖြတ်ခံနေရ၊ဈေးကွက်ပေါက်ဈေးနှုန်းမရပါက တိုင်ကြားနိုင်
Donate to DVB

သင်္ဘောသားလစာ နိုင်ငံခြားဝင်ငွေကို ဈေးကွက်ပေါက်ဈေးနှုန်းနဲ့အညီ ခံစားခွင့်မရရှိပါက မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ထံ ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ သင်္ဘောအေးဂျင့် Seafarer Recruitment and Placement Services (SRPS) တချို့ဟာ နားလည်မှုအားနည်းတဲ့ သင်္ဘောသားနဲ့ သင်္ဘောသား မိသားစုဝင်တွေအပေါ်မှာ သင်္ဘောသားရဲ့လစာ နိုင်ငံခြားဝင်ငွေ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်းနဲ့ ဈေးကွက်ပေါက်ဈေးထက်နှိမ်ပြီး ငွေလဲလှယ်ပေးနေတဲ့ ဖြစ်စဉ်တွေ တွေ့မြင်ကြားသိနေရတယ်လို့ ဆိုပါတယ်။

ဒါဟာ MLC 2006၊ ILO၊ ITF တို့မှ ပြဋ္ဌာန်းထားတဲ့ ဥပေဒတွေအရ အလုပ်သမားရဲ့ လုပ်ခလစာကို အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်က ဖြတ်တောက်ရယူတာ မပြုရဆိုတဲ့ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက “ကျနော်တို့ ဘာသွားတွေ့လဲဆိုတော့ သင်္ဘောသားရဲ့မိသားစုတွေ လာတိုင်တာက ကျနော်တို့ကို ၂,၁၀၀ ကျပ်နှုန်းနဲ့ လဲပေးတယ်ဆိုပြီး လာတိုင်ကြတယ်။ လာတိုင်တော့ ကျနော်တို့အသင်းချုပ်က စိစစ်ပြီး မေးကြည့်တဲ့အခါ ဘာတွေ့ရလဲဆိုတော့ ဗဟိုဘဏ်က ထုတ်ထားတဲ့ ညွှန်ကြားချက်အရ (သြဂုတ်လ ၁၅ ရက်နေ့ စာအရ) သြဂုတ် ၁၅ ရက်မတိုင်မီ သင်္ဘောသားတွေရဲ့လစာ ဘယ်လိုပဲဝင်ဝင် ၂,၁၀၀ ကျပ်နှုန်းနဲ့ အဖြတ်ခံရတယ်။ ဒါက တပိုင်းပေါ့။ သို့သော် သြဂုတ် ၁၅ ရက်နောက်ပိုင်း ၁၆ ရက်နေ့ကစပြီး ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အသစ်မှာ သင်္ဘောသားတွေအနေနဲ့ လစာကို AD လိုင်စင်ရဘဏ်တွေမှာ ကြိုက်သလို ရောင်းဝယ်ဖောက်ကားနိုင်တယ်လို့ ရေးထားတယ်။ အဲ့ဒါကို တချို့ကိုယ်စားလှယ်တွေက ဘာလုပ်လဲဆိုတော့ ၂,၁၀၀ ကျပ်နှုန်းနဲ့ပဲ ရမယ်ဆိုပြီး လုပ်တာ တွေ့ရတယ်။ ဆိုတော့ အဲ့အချိန်က အပြင်မှာ ၃,၀၀၀ ကျပ်ပေါက်နေချိန် သင်္ဘောသားလစာကို ၂,၁၀၀ ကျပ်နဲ့ပေးတော့ ဒီကိုယ်စားလှယ်ဟာ သင်္ဘောသားလစာထဲက ၃၀ ရာခိုင်နှုန်းကို ခေါင်းပုံဖြတ်ယူနေတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဗဟိုဘဏ်ထုတ်ထားတဲ့ ညွှန်ကြားချက်အရ သင်္ဘောသားတွေရဲ့ လစာအပေါ်မှာ ဝင်ပြီးတော့ ခေါင်းပုံမဖြတ်ဖို့နဲ့ ကိုယ်စားလှယ်တွေကလည်း ဝင်ပြီးတော့ အမြတ်မထုတ်ဖို့၊ ခေါင်းပုံမဖြတ်ဖို့ပဲ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ သင်္ဘောသားလစာငွေနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်က လစာငွေဝင်ပြီး ရက်ပေါင်း ၂၁ ရက်အတွင်း ရောင်းချနိုင်မှသာ ဈေးကွက်ပေါက်ဈေးနှုန်းနဲ့ ခံစားခွင့်ရရှိမှာ ဖြစ်တယ်လို့ ကပ္ပတိန်တဦးက အခုလို ထောက်ပြထားပါတယ်။

“ဗဟိုဘဏ်ပြောတာက သင်္ဘောသားလစာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကြားခံတယောက်ကပဲ ဝယ်ဝယ်၊ တိုက်ရိုက်ပဲဝယ်ဝယ် သင်္ဘောသားလစာဟာ ပထမဦးဆုံး First receiver ဖြစ်တယ်လို့ ဆိုထားတယ်။ ဒါကြောင့် သင်္ဘောသားက သူ့ဘဏ်အကောင့်မှာရှိတဲ့ လစာဝင်ငွေကို ဈေးကွက်ပေါက်ဈေးနဲ့ သူ့စိတ်ကြိုက် ဘယ်သူ့ဆီရောင်းရောင်း ရောင်းချခွင့်ရှိတယ်။ ဒါပေမဲ့ ၂၁ ရက်အတွင်းတော့ ဖြစ်ဖို့လိုတယ်။ တကယ်လို့ ရက်ပေါင်း ၂၁ ရက်ကျော်သွားရင်တော့ ၂,၁၀၀ ကျပ်နဲ့ အဖြတ်ခံရမှာနော်။”

မြန်မာနိုင်ငံမှာ ပင်လယ်ကူးသင်္ဘောသားအရေအတွက် ၇၀,၀၀၀ ဝန်းကျင်ရှိတဲ့အနက် ထက်ဝက်နီးပါးဟာ လုပ်ငန်းခွင်အတွင်းမှာ လုပ်ကိုင်နေကြတာဖြစ်လို့ လစဉ် ပျမ်းမျှ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ဝင်ရောက်မှုရှိတယ်လို့ သဘောင်္သားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013