DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာပို့ကုန်ကဏ္ဍမှရသည့် နိုင်ငံခြားဝင်ငွေ လျော့ကျလာ  
DVB
·
October 23, 2023
မြန်မာ့လယ်ယာပို့ကုန်ကဏ္ဍမှရသည့် နိုင်ငံခြားဝင်ငွေ လျော့ကျလာ  
1 / 2
Donate to DVB

မြန်မာ့လယ်ယာပို့ကုန်ကဏ္ဍကနေ အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၉ ဘီလီယံကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၃ သန်းကျော် လျော့ကျခဲ့တယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ထုတ်ပြန်တဲ့ မြန်မာ့လယ်ယာကဏ္ဍ ပို့ကုန်၊ သွင်းကုန်နဲ့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး မြန်မာ့လယ်ယာထွက်ကုန် တင်ပို့မှုဟာ နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိနေတဲ့ ပို့ကုန်ကဏ္ဍတခုဖြစ်ကာ နှစ်စဉ် ပျဉ်းမျှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံဝန်းကျင် ရှိခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်းမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်သာ ဝင်ရောက်ထားပြီး မနှစ်ကထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့တာ တွေ့ရပါတယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တွေဟာ မြင့်တက်လာတဲ့ သွင်းအားစုဈေးနှုန်းတွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေနဲ့ အခက်အခဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နယ်မြေမတည်ငြိမ်မှု ဒဏ်တွေကို ခါးစည်းခံနေရပြီး ကုန်သွယ်ရေးနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေကလည်း ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် အခက်အခဲ၊ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးက “သွင်းအားစုတွေ ဈေးတက်တော့ စိုက်ပျိုးရေးကဏ္ဍ တခုလုံး ထိခိုက်တာပေါ့။ နောက်ပြီး တိုက်ပွဲတွေကြောင့် တချို့ဒေသတွေမှာ သီးနှံတွေ မစိုက်ပျိုးနိုင်တော့ အထွက်နှုန်းကိုလည်း ထိခိုက်တယ်။ နောက်တခုက မူဝါဒပြဿနာ။ မလိုအပ်ဘဲ ချခဲ့တဲ့ မူဝါဒ‌တွေကြောင့် နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း နည်းတယ်။ အဓိက ဒီအချက်တွေကြောင့် လယ်ယာပို့ကုန်‌တွေ လျော့ကျတာ” လို့ ပြောပါတယ်။

အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ကွဲ၊ နှမ်း၊ ရော်ဘာစိမ်းနဲ့ တခြားသီးနှံ တင်ပို့မှုတို့မှာ လျော့ကျခဲ့ပေမဲ့ ပဲအမျိုးမျိုးနဲ့ ပြောင်းတင်ပို့မှုကတော့ အနည်းငယ် တိုးတက်မှုရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အခုနှစ် ပထမ ၆ လမှာ ပဲအမျိုးမျိုးတင်ပို့မှုက နိုင်ငံခြားဝင်ငွေ ၈ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပြောင်းတင်ပို့မှုက နေ ၁၂ ဒသမ ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုမှာ မနှစ်ကထက် ရာခိုင်နှုန်း ၄၀ ကျော် လျော့ကျခဲ့ပါတယ်။

နှမ်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၅ ရာခိုင်နှုန်း၊ ရော်ဘာစိမ်းတင်ပို့မှုမှာ ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း၊ တခြားသီးနှံ တင်ပို့မှုမှာ ၁၇ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013