
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာတောင် ခေါ် လုံဆာ တောင်၊ ၀၀မ်တောင်၊ တောင်ကြောတွေမှာ အောက်တိုဘာ ၂၂ ရက်နေ့ကစတင်ပြီး ဒီနေ့အထိ KIA၊ KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေပါတယ်။
စစ်ရှောင် ဒေသခံတဦးက “နေ့ရော ညရော လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်က မနားတမ်း ပစ်ခတ်နေကြတာ။ မိုးမောက်မြို့ထဲက လမ်းတွေမှာလည်း ကင်းတွေယူထားကြတယ်။ မနက်ပိုင်းအစောဆိုလည်း တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ ဗန်းမော် သံချပ်ကာတပ်၊ တာဆိုင်းတပ်တွေနဲ့ မိုးမောက် ခလရ ၄၃၇ တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေကြတယ်။ မြို့ထဲရွာထဲတွေ ကျရောက်ပေါက်ကွဲမှာစိုးရိမ်နေရတယ်။ လုံဂျာရွာနဲ့ ၀၀မ်ရွာက ဒေသခံတွေ မိုးမောက်မြို့ထဲက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေ၊ အသိအိမ်တွေမှာ စစ်ရှောင်နေရတယ်။ မြို့နဲ့လည်း တိုက်ပွဲဖြစ်တဲ့နေရာက အရမ်းနီးတော့ သွားရေးလာရေးတွေလည်း ခက်ခဲနေပါတယ်။ လောလောဆယ် စား၀တ်နေရေးအတွက် ရိက္ခာတွေ လိုအပ်နေကြတယ်” လို့ ပြောပါတယ်။
မိုးမောက်မြို့နယ် စီဟက်၊ ကုန်းလောဘက်မှာ ၂၀၂၁ ခုနှစ် ၄ လပိုင်းလောက်က စစ်ကောင်စီတပ်နဲ့ KIA တို့ စလောင်းကုန်းတိုက်ပွဲ တလကျော်လောက် အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် အခုတိုက်ပွဲက ၃ ရက်ဆက် ရှိလာပြီလို့ ဆိုပါတယ်။
ကားသမားတဦးက “နေ့ရောညရော ပစ်ခတ်နေသံဟာ ဗန်းမော်မြို့အထိ ကြားနေကြရပြီး ဗန်းမော်မြို့နယ်တပ်တွေကနေ စစ်ကောင်စီတပ်ကို စစ်ကူပို့နေကြပါတယ်။ လွယ်ဂျယ်လမ်းလည်း ပိတ်တော့မယ်ကြားတယ်၊ ကျနော့်သူငယ်ချင်းတွေလည်း ကားတက်သွားကြတာ လမ်းမှာပိတ်မိနေမှာ စိုးတယ်၊ လယ်တွေလည်း သိမ်းရအုံးမှာ။ ကျနော့်ကားလည်း နားထားတယ်၊ တိုက်ပွဲက ဘယ်လောက်ကြာမလဲ မသိဘူး၊ အခုလောလောဆယ်တော့ စစ်ဆေးရေးတွေ တင်းကျပ်နေတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို နှစ်ဖက်သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။