DVB Logo
Home
မြန်မာသတင်း
ထားဝယ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိပိတ်
DVB
·
October 20, 2022
ထားဝယ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိပိတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး ထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်မှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသား မိသားစုတွေ အပါအဝင် လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် နယ်က အကျဥ်းထောင်တချို့မှာ အခုလို ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်တာပါ။

ထားဝယ်က နိုင်ငံရေးအကျဥ်းသူဟောင်းတယောက်က အခုလို ထောင်ဝင်စာပို့ခွင့် မရတာကြောင့် အကျဥ်းသားတွေအတွက် စားရေးသောက်ရေး အဓိက အခက်အခဲ ဖြစ်နိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အစားအသောက်ပိုင်းကတော့ တော်တော်အခက်တွေ့မှာ၊ ထောင်ကကျွေးတာလောက်နဲ့က ဘယ်လိုမှ စားလို့အဆင်မပြေဘူး။ ထောင်ထဲမှာ အသားဟင်းက ၄ ရက်ကျွေးတယ်။ ဒါပေမဲ့ ဟင်းတွေက ရေနဲ့ပြုတ်ထားရုံလောက်ပဲ။”

ထားဝယ်အကျဥ်းထောင်မှာ အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ အသား၊ ကြက်ဥနဲ့ ငါးဟင်းကို တလှည့်စီကျွေးပေမဲ့ ဟင်းတွေက ရေနဲ့ပြုတ်ထားရုံလောက်ပဲရှိပြီး ကျန်တဲ့ရက်တွေမှာတော့ အသီးအရွက်ဟင်းတွေ ကျွေးတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းမှု အစောပိုင်းက ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင်စာပို့ရတာ လွယ်ကူပေမဲ့ နောက်ပိုင်းမှာတော့ ကန့်သတ်တာတွေ ရှိလာတယ်လို့လည်း သိရပါတယ်။

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေအတွက် ထောင်ဝင်စာပို့ဖို့ ကူညီပေးနေသူတယောက်က​ “အရင်က ပို့ချင်တာ လွယ်လွယ်နဲ့ပို့လို့ရတယ်။ နောက်ပိုင်းမှာတော့ ပို့တဲ့သူရဲ့ နေရပ်လိပ်စာတွေ၊ အကျဥ်းသားနဲ့ ဘယ်လိုတော်စပ်လဲဆိုတာတွေ အကုန်ပြောရတယ်။ မိသားစုဝင်မဟုတ်ရင် ပို့ရတာအဆင်မပြေဘူး။ ပစ္စည်းထုပ်တွေကို ဖောက်ပြီး သူတို့လိုချင်တာ ယူခဲ့တာတွေလည်းရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်နဲ့ နိုင်ငံရေးအကျဥ်းသူ ၅၀ လောက်ရှိပြီး စုစုပေါင်း အမှုရင်ဆိုင်ဆဲသူကတော့ ၁၀၀ ကျော်လောက်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013